DVB Logo
Home
မြန်မာသတင်း
ကျားဖောင်တွင် လက်ကျိုးအောင်ရိုက်နှက်ခံခဲ့ရသော်လည်း ကမ်းတက်ဆေးကုသခွင့်မရသဖြင့် နစ်နာသူ အမှုဖွင့်
DVB
·
December 23, 2019
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင် ရေလုပ်ငန်းမှာ ကျားဖောင်ဦးစီးချုပ်ရဲ့ ရိုက်နှက်မှု ကြောင့် လက်တွေကျိုးပဲ့ဒဏ်ရာရခဲ့တဲ့ ဖောင်ဦးစီးတဦးက   ရေးမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ 

အောက်တိုဘာ ၂၇ ရက်မနက်က  ကျားဖောင်ချည်တဲ့ကြိုးပြတ်ကျတာကြောင့် ဖောင်ဦးစီးချုပ် ကိုရပ်မနား(ခ)ခင်မောင်ထွေးက ဖောင်ဦးစီး ကိုဝင်းနိုင်ကို မျောသားနဲ့ ရိုက်နှက်ခဲ့လို့  လက်ဖျံရိုး၊ လက်သန်းနဲ့ လက်သူကြွယ်တို့ မှာ ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာအခြေအနေကြောင့် ကျားဖောင်ပိုင်ရှင်ဖြစ်သူထံ ဆက်သွယ်ပြီး  ကမ်းပေါ်သို့ တက်ရောက်ဆေးကုသခွင့်ပေးဖို့ တောင်းခံခဲ့ပေမယ့် ၂ လကြာတဲ့အထိကမ်းတက်ခွင့်မရခဲ့ဘဲ ယခု ဒီဇင်ဘာလ ၁၈ ရက်နေ့ရောက်မှသာ ကမ်းတက်ခွင့်ရခဲ့ပြီး ရေးမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားတာပါ။

ရိုက်နှက်ခံရတဲ့ ဖောင်ဦးစီးကိုဝင်းနိုင်က ''ကျားပြတ်ကျလို့ ရိုက်တာပါ၊ တလံလောက်ရှိတဲ့ မျောသားနဲ့ရိုက်တာ လက်နဲ့ကာလိုက်တော့ လက်ကိုထိသွားတယ်၊ အဲ့နေ့ထမင်းလည်း မကျွေးဘူး။ စာရင်းဒိုင်(ပိုင်ရှင်)ပါလာတယ်၊ ပိုင်ရှင်ကိုတောင်းဆိုတော့ ကမ်းတက်လို့မရဘူးလို့ လက်ကာပြတယ်။ လက်ကောင်းအောင်လုပ်လို့ပဲပြောတယ်၊ ဦးစီးချုပ်က နာတယ်ဆိုပြီးနေလို့မရဘူး။ တဖက်တည်း ရှိရင် တဖက်တည်းလုပ်လို့ပြောတယ်၊ သေမှတင်ပေးမယ်လို့လည်းပြောတယ်။ ဆက်ပြောရဲတော့ဘူး။ ၂ လလောက်ကြာလုပ်ပြီးမှ ကမ်းတက်ခွင့်ရခဲ့တယ်။ ဆေးရုံမှာပြတော့ လက်ဖျံရိုး၊ လက်သန်းနဲ့ လက်သူကြွယ်ကျိုးသွားတယ်။ ဖြစ်ဖြစ်ချင်းကုရင် အဆင်ပြေနိင်ပေမယ့် လနဲ့ကြာသွားတော့ စတီးချောင်းတွေထည့် ပြန်ပြီးခြစ်ပြီးကုမှရမယ်လို့ ဆရာဝန်ကပြောတယ်၊ ကုရလည်းခက်မယ်ပြော တယ်။ ခု ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရေလုပ်ငန်းရှင်တွေ ရေးမြို့နယ် အစင်ကျေးရွာမှာပြုလုပ်တဲ့တွေ့ဆုံပွဲမှာ ဒီကိစ္စပြောဆိုတင်ပြခဲ့ပေမယ့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဥပဒေအရ အမှန်အတိုင်းဆောင်ရွက်ပေးပါ့မယ်လို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 ရေးမြို့အထိလိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ဖောင်ဦးစီး ကိုဝင်းနိုင်ရဲ့ဇာတိ ဒေးဒရဲမြို့ မင်းကာကုန်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွန်းကတော့ အပြစ်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ တိုက်တွန်းပါတယ်။

''ခုလိုမညှာမတာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖောင်ဦးစီးချုပ်နဲ့ ကျိုးနေမှန်း သိရဲ့နဲ့ ပစ်ထားခဲ့တဲ့ ပိုင်ရှင်ကို ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ ခုလို ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲလေးတွေရှိလို့ သက်ဆိုင်ရာက အကူအညီပေးဖို့ မျှော်လင့်ပါတယ်" 

ဒီကိစ္စနဲ့ပတ်သက်လို့ ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု ပတ္တမြားတန်းကျေးရွာရှိ ရေလုပ်ငန်းရှင်များအသင်းရုံးမှာ ငွေကျပ် ၂၂ သိန်းနဲ့ ညှိနှိုင်းခဲ့ကြပေမယ့် အမှုဖွင့်လှစ်ထားပြီးဖြစ်လို့  ပြေလည်မှုမရရှိခဲ့ပါဘူး။

ကာယကံရှင် ရေလုပ်ငန်းရှင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ''လူကြီးတွေမပါဘဲ သူတို့က သိန်း ၆၀ တောင်းတယ်။ ကျမတို့မောင်နှမနှစ်ယောက် သွားတောင်းပန်တယ်။ သိန်း ၄၀ နဲ့ဆစ်တော့ပြီး သွားပေမယ့် စူးနေတဲ့ပိုက်ဆံ ရှိသိန်းနဲ့ နှစ်သောင်းနှုတ်မယ်ဆိုတော့ မကျေနပ်ပြီးတော့ ပြန်မလာ ကြပဲ ဝန်ကြီးချုပ်ဟောပြောပွဲမှာ တက်တိုင်တယ်။ ရဲစခန်းမှာ တက်တိုင်တယ်။ မနေ့က ရေလုပ်ငန်း ရုံးမှ ပြန်ညှိတော့ ၂၂ သိန်းနဲ့ သူလည်းကျေနပ်၊ ကိုယ်လည်းကျေနပ်ပေမယ့် လက်မှတ်ထိုးမယ် လုပ်ရော စခန်းမှူးက အမှုက တရားရုံးရောက်သွားပြီဖြစ်လို့ မပေးရဲတော့ဘူး။ ကျေအေးကြောင်း လက်မှတ်မထိုးရသေးတော့မပေးရဲသေးဘူး။ သူတို့က တရားရုံးမှာ အမှုပိတ် ကျေအေးပေးမယ်ဆိုရင် ပေးသင့်သလောက်ပေးမယ်ပေါ့။ အဲ့လိုမလုပ်ပေးဘူးဆိုတော့ သူတက်ကိုယ်တက် တက်ရတော့မှာ ပေါ့။ အလုပ်သမားချင်းဖြစ်တာဆိုတော့ ကျမတို့နဲ့တော့ မဆိုင်ဘူးပေါ့၊ ကိုယ့်လုပ်ငန်းထဲမှာဖြစ်တော့ ဖြေရှင်းပေးတာပါ " လို့ ဒီဗွီဘီကို တယ်လီဖုန်းနဲ့ ပြန်လည်ဖြေကြားပါတယ်။

 အဆိုပါဖြစ်ရပ်နဲ့ပတ်သက်လို့ ရေးမြို့မရဲစခန်းမှာ (ပ) ၂၈၅၈၊ ၃၂၅/၂၉၄ နဲ့ အမှုဖွင့်လှစ်ထားပြီး သက်ဆိုင်သူတွေကို စစ်ဆေးနေကြောင်း ရေးမြို့မစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ပြောပါတယ်။

အခုနှစ်အတွင်း ရေးမြို့နယ် ပင်လယ်ပြင်မှာ သေမှုသေခင်း ၅၈ မှုဖြစ်ပွားခဲ့ကာ လူသတ်မှု ၉ မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013