ဖားကန့်တွင် အမည်မသိ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး စိုးရိမ်ဒဏ်ရာရ
DVB
·
December 23, 2019
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီးကျေးရွာမှာ ဒီဇင်ဘာ ၂၂ရက် ညနေ ၃နာရီခွဲလောက်က အမည်မသိသေနတ်သမား တဦးရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတဦး စိုးရိမ်စရာ သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရုံးက အတည်ပြုပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ မော်ဝမ်းကြီးကျေးရွာနေ အရောင်းအဝယ်လုပ်ကိုင်တဲ့ အသက် ၃၀ အရွယ် ဦးတင်ဝင်းထွန်း ဖြစ်တယ်လို့လည်း ထွေအုပ်ရုံးရဲ့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။
ဦးတင်ဝင်းထွန်းဟာ နောက်ကျောဘက်ကနေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ကျည်ဆန်ဟာ ဝဲဘက်ခါးမှ ထိမှန်ကာ ဝမ်းဗိုက်က ဖောက်ထွက်သွားတာဖြစ်ပါတယ်။
ဦးတင်ဝင်းထွန်းဟာ ရရှိတဲ့ဒဏ်ရာကို ဖားကန့်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပေမယ့် စိုးရိမ်ရတာကြောင့် မော်ဝမ်းကျေးရွာရှိ ပရဟိတ လူမှုကူညီရေးကားနဲ့ မနေ့ညက မန္တလေးဆေးရုံကို သွားရောက်ခဲ့ပါတယ် ။
ဖားကန့်မြို့နယ်မှာ ၂၀၁၁ ခုနှစ်ကတည်းက အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ကိုအောင်ဇင်ထွန်း၊ မော်တော်ယဉ်ဂိတ်မှူး ဦးခင်စိုးအပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဦးတင်ဝင်းထွန်းအပါအဝင် စပေါ့ကျရွာမှ ဦးညွှန်ရွှေတို့ကတော့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
ဇော်မိုးထက်