မြစ်ဆုံ-မန္တလာ ရထားရပ်နားမည်
DVB
·
December 22, 2019
ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်ပြီး မြစ်ကြီးနား-မန္တလေးခရီးစဉ် နေ့စဉ် ပြေးဆွဲခဲ့တဲ့ မြစ်ဆုံ-မန္တလာ မီးရထားကို ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီး ရပ်နားသွားမယ်လို့ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီရဲ့ လက်ထောက်မန်နေဂျာ ဦးလှအောင်က ပြောပါတယ်။
မြစ်ဆုံ-မန္တလာ မီးရထားကို ၂၀၁၄ ဒီဇင်ဘာလက စတင်ကာ မြန်မာ့မီးရထားနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့တာဖြစ်ပြီး ပထမအကြိမ် သုံးနှစ်သက်တမ်းစာချုပ်မှာတော့ အသွားအပြန် တခေါက်ကို ကျပ် ၆၉ သိန်းပေးသွင်းခဲ့ရတာဖြစ်ပါတယ်။
စာချုပ်သက်တမ်း သုံးနှစ်ပြည့်တဲ့နောက်မှာတော့ တစ်နှစ်တစ်ကြိမ် ဆက်လက်ချုပ်ဆိုခဲ့ပြီး ပထမတစ်နှစ်အတွက် တရက်ကို ကျပ် ၅၅ သိန်းပေးသွင်းခဲ့ရပေမယ့် ဒုတိယနှစ်မှာတော့ တရက်ကို ကျပ် ၅၉ သိန်းပေးသွင်းခဲ့ရတာပါ။
လက်ရှိမှာတော့ အရင်ပြေးဆွဲနေတဲ့ရထားတွေအပြင် နိုင်ငံတော်ကပြေးဆွဲပေးနေတဲ့ လေအိတ်ရထားကြောင့် မြစ်ဆုံ-မန္တလာရဲ့ ရထားခရီးသည် နည်းပါးလာပြီး ကုမ္ပဏီအနေနဲ့ တရက်ကို ကျပ် သိန်း ၂၀ လောက် ပြန်စိုက်ပေးသွင်းနေရတယ်လို့ မြစ်ဆုံ-မန္တလာရထား တွဲထိန်း ဦးခင်ဝင်းက ပြောပါတယ်။
စာချုပ်သက်တမ်းပြည့်သွားတဲ့ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီအနေနဲ့ မြန်မာ့မီးရထားနဲ့ ဆက်လက်လုပ်ကိုင်လိုရင် စာချုပ်ချုပ်ဆိုပေးဖို့ရှိပေမယ့် ကုမ္ပဏီအနေနဲ့ ဆက်မလုပ်ချင်တော့တာကြောင့် အခုလို ရပ်နားပေးခဲ့ရတာဖြစ်တယ်လို့ မြစ်ကြီးနားရုံပိုင်ချုပ် ဦးခင်သော်က ပြောပါတယ်။
မြစ်ဆုံ-မန္တလာ မီးရထားခရီးစဉ်မရှိတော့ပေမယ့် နိုင်ငံတော်က ပြေးဆွဲပေးနေတဲ့ လေအိတ်ရထား၊ အထူးအမြန်ရထားနဲ့ စာပို့ရထားတွေကတော့ ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီး တရက်ကို ခရီးသည် အယောက် ၁၀၀၀ လောက် ရှိနေတယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
ဟိန်းထက်