DVB Logo
Home
မြန်မာသတင်း
နစ်နာကြေးမရဘဲ ပြောင်းရွှေ့ရမည်ကို ဒေသခံများ စိုးရိမ်
DVB
·
February 10, 2013
Donate to DVB

မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်မြို့နယ်အတွင်း မြစ်သားရေလှောင်တမံကြောင့် အစိုးရကနေ နစ်နာကြေးမပေးဘဲ ပြောင်းရွှေ့ ခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဌာန အာဏာပိုင်းတွေက ဒေသခံတွေရဲ့ နစ်နာချက်တွေကို မပေးဘဲ သတ်မှတ်ထားတဲ့ နေရာသစ်မှာ ပြောင်းရွှေ့ဖို့ ဖိအားပေးတယ်လို့ ပြောင်းရွှေ့ရမယ့် ရွာလေးရွာထဲက စံပယ်ကျေးရွာ ဆရာတော် ဦးဝါသ၀က ဒီဗွီဘီကို မိန့်ကြားပါတယ်။

“မြစ်သားရေလှောင်တမံစီမံကိန်းနဲ့ ပတ်သက်လို့ ဦးဇင်းတို့က နစ်နာကြေးပေးဖို့ တောင်းဆိုနေတာ။ အဲဒါကို ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ ဆည်မြောင်းဘက်က တာဝန်ရှိသူတွေလာပြီး အိမ်ရာတွေကို မဲဖောက်ဖို့ ပြောတယ်။ ဦးဇင်းတို့က ဒါကိုလက်မခံဘူး။ ဦးဇင်းတို့ တောင်းဆိုထားတာရှိတယ်၊ ထိုက်တန်တဲ့ နစ်နာကြေးပေးပြီးမှ လျော်ကြေးရပြီးမှ ပြောင်းလိုတဲ့အကြောင်း။ အခု သူတို့က နည်းနည်း ဖိအားဆန်ဆန်လာတာပေါ့။ မနေ့က ဒုဝန်ကြီး ဦးခင်ဇော် လာတယ်ကြားတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကလည်း မကွေးတိုင်းဝန်ကြီးချုပ် လာတယ်။ ကျေးရွာလူထုနဲ့တော့ မတွေ့သွားဘူး။”

ပြောင်းရွှေ့ရမယ့် ကျေးရွာတွေကတော့ ဂန့်ဂေါ်မြို့နယ်က စံပယ်၊ ပနန်း၊ စင်ပုံ၊ ယင်းမာ ကျေးရွာလေးရွာ ဖြစ်ပါတယ်။

အဲဒီလို ပြောင်းရွှေ့ရမယ့်အတွက် ဒေသခံ ၂၀၀၀ လောက်နဲ့ လယ်မြေဧက ၈၈၀၊ ယာမြေ ဧက ၇၀၀ ကျော် ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

မြစ်သာရေလှောင်တမံကြောင့် ဒေသခံတွေပိုင် လယ်မြေယာမြေ ဧက ၁,၅၀၀ ကျော် ဆုံးရှုံး နစ်နာရမှာကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်ဇော်က လျစ်လျူရှုတဲ့ စကားပြောခဲ့တဲ့အပေါ်ကို ဆရာတော် ဦးဝါသ၀က အခုလို မိန့်ကြားပါတယ်။

“ဦးဇင်းတို့ တောင်းဆိုထားတဲ့ ထိုက်တန်တဲ့ နစ်နာကြေး၊ လျော်ကြေးနဲ့ လယ်ယာမြေဖော်ထုတ်ပေးရေးပြောတော့ ဘာနစ်နာတာလဲတဲ့ ဒု-၀န်ကြီး ကိုယ်တိုင်ဒီစကားမေးတာ။ တမံက တာဝန်ရှိသူတယောက်ကလည်း ဘာနစ်နာလဲတဲ့ မေးတယ်။ ဦးဇင်းတို့ဘက်က နစ်နာတယ်ဆိုတာ ပြောင်းရွှေ့ရင် လယ်ယာမြေအခြေခံတဲ့ တောင်သူတွေဖြစ်လို့ စိုက်စရာမရှိဘူးဆိုရင်၊ စိုက်လို့ရပြီထားဦး၊ မြေကွက်တွေက အစမှာ မြေတိုင်းမယ့်အနေအထားဆိုတော့ မြေကို ကြည့်ရဦးမှာဆိုတော့ ထွက်ရှိမယ့် သီးနှံနှုန်းထားလည်း မပြည့်မီဘူးလေ။ ကြားကာလမှာ တောင်သူတွေ နစ်နာမယ်။ ကျောင်းသူကျောင်းသားတွေကိုလည်း ကျောင်း မထားနိုင်ဘူး။ ထုတ်ရမယ်။ စားဝတ်နေရေး လုံးပန်းကြရမယ်။ အသားသေတဲ့အထိ နိုင်ငံတော်က လျော်ကြေးပေးရမယ် လို့ ပြောထားတာရှိတယ်။”

ပြောင်းရွှေ့ပေးရမယ့် ကျေးရွာသစ်က အဆောက်အဦတွေကလည်း ဒေသခံတွေအတွက် လောက်ငမှု မရှိသေးဘူးလို့ သိရပါတယ်။ ကျေးရွာလေးရွာက တောင်သူတွေရဲ့ နစ်နာတာတွေ မရဘူးဆိုရင် ထိထိရောက် လုပ်ဆောင်သွားမယ်လို့လည်း ဆရာတော် ဦးဝါသ၀က မိန့်ကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013