မူးယစ်အကြမ်းဖက်သမားများကို သုတ်သင်ရှင်းလင်းမည်ဟု အမေရိကန်ဝန်ကြီးပြော

အမေရိကန်နဲ့ ကိုလံဘီယာနိုင်ငံတို့က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အကြမ်းဖက်သမား တွေကို လိုက်ရှာ၊ ဖမ်းဆီး၊ သုတ်သင်ရှင်းလင်းပြီး အနိုင်ယူသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
သူက ကိုလံဘီယာစစ်တပ်ကို ချီးကျူးစကားဆိုခဲ့ပြီး၊ မူးယစ်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ ကိုလံဘီယာ တပ်ဖွဲ့တွေက ထိုးစစ်ဆင်မဲ့အစီအစဉ်တခုကို တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။
ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီး အိုမာဘူလာနဲ့ ကာကွယ်ရေးဝန်ကြီး ဟိုဟေး ဒွါဒိုအမ်တို့နဲ့အတူ ရှိနေချိန်မှာ သူက ပြောလိုက်တာပါ။
နှစ်နိုင်ငံလုံးဟာ မိမိတို့နိုင်ငံအသီးသီးရဲ့ အချုပ်အခြာအာဏာ၊ ဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ လွှတ်တော်တို့ကို လေးစားလိုက်နာရင်း မူးယစ်ဆေးဝါးဂိုဏ်းတွေအတွက် လုံခြုံတဲ့ ခိုလှုံရာနေရာတွေ မရှိအောင်လုပ်ချင်ကြတယ်လို့လည်း ဟက်ဇက်က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က “နိုင်ငံတနိုင်ငံချင်းစီရဲ့ ဥပဒေတွေနဲ့အညီ၊ ပူးပေါင်း ဆောင်ရွက်ရင်း ကျနော်တို့က မူးယစ်ဆေးဝါး အကြမ်းဖက်သမားတွေကို ရှာဖွေဖော်ထုတ်ခြင်း၊ လိုက်လံဖမ်းဆီးခြင်း၊ ချေမှုန်းသတ်ဖြတ်ခြင်းတို့နဲ့ အနိုင်ယူသွားမယ်”လို့လည်း ပြောပါတယ်။
ဇန်နဝါရီလအတွင်း အမေရိကန် အထူးတပ်ဖွဲ့တွေက နီကိုလပ်စ် မာဒူရိုကို စီးနင်းတိုက်ခိုက်ရင်း ရာထူးကနေ ဖယ်ရှားခဲ့တာပါ။
အဲဒီနောက်၊ ဗင်နီဇွဲလားနိုင်ငံဆီ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ချိန်မှာ ဟက်ဇက်က ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီရိုဒရီဂက်ဇ်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အသစ်တခု ရခဲ့တယ်လို့ ကြေညာပြီး နာရီပိုင်းအကြာမှာ ဒီမှတ်ချက်စကားတွေ ထွက်လာတာပါ။
ဗင်နီဇွဲလားနိုင်ငံက အမေရိကန်သံရုံးကလည်း ဗင်နီဇွဲလားနိုင်ငံကို လုံခြုံတဲ့ ခိုလှုံရာနေရာအဖြစ် သုံးခဲ့ကြတဲ့ မူးယစ်ဆေးဝါးအကြမ်းဖက်သမားတွေကို ရည်ရွယ်ရင်း “ငါတို့ မင်းတို့ကို လိုက်လံ ရှာမယ်။ မင်းတို့ကို တွေ့အောင်ရှာပြီးရင် သတ်ပစ်မယ်” လို့ ပြောခဲ့ပါတယ်။
Source: Reuters











