DVB Logo
Home
Lead Story
ဗစ်တိုးရီးယားလေး အမှန်တရားအကျိုး ခံစားရဖို့ဆိုရင် ...
DVB
·
December 21, 2019
ဗစ်တိုးရီးယားလေး အမှန်တရားအကျိုး ခံစားရဖို့ဆိုရင် ...
Donate to DVB

“ရဲတပ်ဖွဲ့တွင် ငွေကြေးအလွဲသုံးစားမှု ရှိတယ်”ဟု မြန်မာနိုင်ငံစာရင်းစစ်ချုပ် ဦးမောင်သန်းက လွှတ်တော် ကြားနာပွဲမှာ အခုလို ထုတ်ပြောသတဲ့။ အဲဒီလိုပြောပြီးမကြာမီ သူ့စကားမဆုံးမီမှာပဲ ဗစ်တိုရီးယားလေး မဖွယ်မရာ ပြုကျင့်ခံရမှုမှာ သံသယတရားခံ ကိုအောင်ကြီးကို ဒက္ခိဏခရိုင် တရားရုံးက တရားရှင် လွှတ်လိုက်တယ်။ ဒါကို အစာကြေဟန်မရှိတဲ့ တရားစွဲအဖွဲ့အစည်းလည်း ဖြစ်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲကို နောက်ရက်မှာ တဆက်တည်းလို ကျင်းပခဲ့တယ်။

မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်အကြောင်း ပြောရင် လူအတော်များများက တရားသူကြီးတွေကိုပဲ ပြေးမြင်တတ်ကြတယ်။ တရားရေးမဏ္ဍိုင်မှာ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲနဲ့ ဥပဒေအရာရှိတွေလည်း ပါဝင်တာပဲလေ။ တရားစီရင်ရေးမှာ ပါဝင်ပတ်သက်နေတဲ့ ဒေါက်သုံးဒေါက်လို့ ဆိုရမလားပဲ။ ဒေါက်သုံးဒေါက်လုံး ခြစားပြီဆိုရင်တော့ တရားရေးမဏ္ဍိုင်ကြီး ပြိုလဲကြရစမြဲပဲ။

ဗစ်တိုးရီးယားလေးရဲ့ မဖွယ်မရာ ပြုကျင့်ခံရမှုမှာ ဒီဒေါက်သုံးဒေါက်ကို စိတ်ဝင်စားခဲ့မိတာ အမှန်ပါ။ ပထမဆုံး အမှုတခုအတွက် အမှုစွဲတင်ဖို့ အခြေခံအစက ရဲအဖွဲ့အစည်းပါ။ တနည်းပြောရရင် တရားစွဲအဖွဲ့အစည်းပါ။ သူတို့က အမှုကို တည်ဆောက်ပြီး ဥပဒေအကြံပေးတဲ့ ဥပဒေအရာရှိအဖွဲ့ဆီ တင်ပြပြီး တရားစွဲကြရတာ။ အဲဒီအမှု တည်ဆောက်ထားတဲ့အပေါ် အခြေခံပြီး တရားခံအဖြစ် သံသယရှိသူဟာ အမှုတခုကို တကယ်ကျူးလွန်ခဲ့သလား ဆိုတာကို ခုံရုံးက နှစ်ဖက်ရှေ့နေတွေ၊ နှစ်ဖက်က တင်ပြတဲ့ သက်သေတွေ၊ သက်သေခံပစ္စည်းတွေအပေါ်မှာ အခြေပြုပြီး တရားသူကြီးက ဆုံးဖြတ်ချက်ချမှတ်ရတာ။ ဗစ်တိုးရီးယားလေးရဲ့ မဖွယ်မရာ ပြုကျင့်ခံရမှုမှာ တရားစွဲအဖွဲ့အစည်း ဖြစ်တဲ့ ရဲတွေနဲ့ အမှုစွဲတင်နိုင်ရန် အကြံပေးခဲ့ရတဲ့ ဥပဒေအရာရှိတွေဟာ “ပုလင်းတူ ဘူးဆို့တွေများ ဖြစ်လေရော့သလား” လို့ ပြည်သူတရပ်လုံးကတော့ မယုံသင်္ကာ ရှိနေကြလေရဲ့။   

ဒီလိုနဲ့ ပြည်သူတရပ်လုံး စိတ်ဝင်စားတဲ့အမှု ဖြစ်လာတယ်။ ဒါကိုကြည့်ရင် တလျှောက်လုံး ဥပဒေအပေါ်ကနေ လာခဲ့တဲ့လူတွေအပေါ် မကျေနပ်မှုနဲ့ ကျိုးပျက်နေတဲ့ တရားရေးကဏ္ဍကို အမှန်အတိုင်း ဖြစ်စေလိုတဲ့ ပြည်သူ့ဆန္ဒကို အထင်းသား မြင်တွေ့လာရတယ်။

ဒါကြောင့်လည်း ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကို စောင့်ကြည့်နားထောင်ခဲ့ကြတယ်။ အောင်ကြီးကို တရားခံအဖြစ် ထပ်ဆင့်စွပ်စွဲခဲ့ပေမယ့် ပြီးသည်အထိ နားထောင်ခဲ့ကြပါတယ်။ သတင်းစာ ရှင်းလင်းပွဲအပြီးမှာတော့ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းပွဲမှာ ဗစ်တိုးရီယားလေးရဲ့ နာမည်အရင်းကို ထုတ်ဖော် ပြောကြားခဲ့တဲ့အပေါ်မှာ ကြားနာနေတဲ့လူထုဟာ မကျေမနပ် ဖြစ်လာတယ်။

ပထမဦးဆုံး ဒီဗွီဘီသတင်းဌာနက ဖေ့ဘွတ်ခ်မှာ တိုက်ရိုက်လွှင့်ရာကနေ ပြည်သူလူထုကို တောင်းပန်ပြီး နာမည်အရင်း ပါ‌နေတဲ့အတွက် ကလေးသူငယ်ဥပဒေကို လိုက်နာပြီး ဖြုတ်ချခဲ့တယ်။ နောက်သတင်းဌာနအသီးသီးနဲ့ ပုဂ္ဂလိက ဖေ့ဘွတ်ခ် အကောင့်တွေကလည်း ဖြုတ်သိမ်းလိုက်ကြပါတယ်။ အလွန် ပရမ်းပတာဆန်တဲ့ လူမှုကွန်ရက်အကောင့် အသီးသီးတောင်မှ ဒီကျင့်ဝတ်ကို စောင့်ထိန်းပြီး မဖောက်ဖျက် မကျူးလွန်ခဲ့ကြပါဘူး။ ဘယ်ဖေ့စ်ဘွတ်ခ်အကောင့်ကမှ ဗစ်တိုးရီးယားလေးရဲ့ အမည်ရင်းကို ထုတ်မရေးခဲ့ကြပါဘူး။ ဒါပေမဲ့ ပြည်သူ့လုံခြုံရေးကို တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ရဲ့ စောင့်စည်းမှုကင်းမဲ့ခြင်းကတော့ ပိုအံ့ဩစရာကောင်းတာကို တွေ့နေရတယ်။

တရားစွဲအဖွဲ့အစည်းရဲ့ အမှုတည်ဆောက်မှု အားနည်းချက် ရှိခြင်း၊ မရှိခြင်းက တရားရုံး စစ်ဆေးချက်တွေမှာ ပေါ်လွင်ပြီးဖြစ်နေလို့ ပြောစရာမရှိသလောက်ပါပဲ။ ဒါပေမဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပြီးမှာတော့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံအစစ် ဖော်ထုတ်ရေးဟာ တာဝန်တခုလို ကျန်ရှိနေခဲ့ပါပြီ။

တပြိုင်တည်းမှာပဲ အများပြည်သူတို့အနေနဲ့ မေးစရာ မေးခွန်းများစွာ ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဖြစ်ပျက်ခဲ့တဲ့ မေ ၁၆ ရက်နေ့ညက အမှုဖွင့်တာကို တာဝန်ရှိ ရဲစခန်းမှူးက ဘာလို့ ဖွင့်မပေးခဲ့သလဲ။ နောက်ရက်ညနေမှ အမှုဖွင့်ပြီး အချိန်ဆွဲဆန့်ခဲ့သလား။ တရားခံအစစ်နဲ့ သက်ဆိုင်တဲ့အုပ်စု ပြင်ဆင်ချိန်ရအောင် အချိန်ဆွဲဆန့်ပေးခဲ့သလား။ ဒီဗွီအာ ဟာ့ဒ်ဒစ်ကို ဖျက်ဆီး ပြောင်းလဲဖို့အတွက် အချိန်တခုရခဲ့တာလည်း အသေအချာ ဖြစ်နေတယ်။

ဒီဗွီအာ ဟာ့ဒ်ဒစ် သုံးမရ ပျက်စီးနေတာကို စီအိုင်ဒီက ဘာလို့ မတင်ပြသလဲ။ အဲဒီအချိန်ကတည်းက ဒီဗွီအာ၊ ဟာ့ဒ်ဒစ် ပျက်စီးမှန်းသိရက်နဲ့ စီအိုင်ဒီက အဲဒီဖျက်ဆီး ပြုပြင်ထားမှုကို ဘာလို့ မလိုက်ခဲ့သလဲ။ မဖော်ထုတ်ခဲ့သလဲ။ စီအိုင်ဒီက ဖတ်ကြည့်ခဲ့တဲ့ ဟာ့ဒ်ဒစ်ကို တရားရုံးကို ဘာလို့ မတင်လဲ။ သူ့တာဝန်က သက်သေခံပစ္စည်းကို ဘာမှမပါရှိရင်လည်း မပါရှိကြောင်း သက်သေခံအဖြစ် တင်ရမှာပါ။ “ဘာမှမပါလို့ တင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဆိုတာ စီအိုင်ဒီက ဆုံးဖြတ်ရမှာ မဟုတ်ဘူး။တရားသူကြီးက ဆုံးဖြတ်ရမှာပါ။

ဒီအန်အေကိစ္စမှာလည်း ဒီလိုပါပဲ။ သုက်ပိုးမတွေ့ရင်လည်း မတွေ့ကြောင်း။ တွေ့ရင်လည်း တွေ့ကြောင်း သက်သေခံပစ္စည်းကို တရားရုံးတော်သို့ တင်ပြဖို့ တာဝန်က စီအိုင်ဒီရဲ့ တာဝန်ပါ။ သက်သေခံ ဘောင်းဘီတွေ၊ ရေလျှော်တဲ့ အဝတ်အစားတွေ။ လုပ်လေ့လုပ်ထမရှိဘဲ ဆေးရုံက တောင်းခဲ့တဲ့ ဓာတ်မှန်ပြားတို့ဟာ စီအိုင်ဒီနဲ့ တိုက်ရိုက်သက်ဆိုင်နေတာတွေပါ။ သတင်းစာရှင်းပွဲမှာ ဒီအကြောင်းမေးတော့လည်း တိကျတဲ့အဖြေတခု မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း သတင်းစာဆရာလေးက “ကျနော့်ဆိုလိုရင်းကို ဆရာတို့ နားမလည်ဘူး ထင်တယ်”လို့ ပြောပြီး ထပ်မေးခဲ့ပါတယ်။

သူက “ဒီအန်အေ လုံးဝတူနေလို့ အောင်ကြီးကို တရားခံအဖြစ် စွဲတင်တာလားလို့” ထပ်မေးပေမယ့် ရေရာတဲ့ အဖြေမပေးနိုင်ခဲ့တာကြောင့် တရားစွဲအဖွဲ့အဖွဲ့အစည်းနဲ့ သတင်းစာရှင်းပွဲက အဆင့်မြင့်ရဲအရာရှိတွေအပေါ်မှာ လူထုယုံကြည်မှု အဆုံးစွန်ထိ ပျက်ပြားသွားစေခဲ့ပါတော့တယ်။

ဒီလိုပဲ အမှုမှန်ဖော်ထုတ်ရေးအတွက် မေးရာမှာလည်း အဖြေမရှိခဲ့သလို “အမှုမှန်ပေါ်နိုင်ဖို့ ရဲတပ်ဖွဲ့ကြီးအနေနဲ့ အာမခံနိုင်သလား”ဆိုတဲ့ အမေးကိုတော့ မဖြေဘဲ ရှောင်လွှဲသွားခဲ့ပြန်ပါတယ်။ ဒီလို အခြေအနေတွေမှာ ပြည်သူ့လုံခြုံရေး ဆိုတာကို ဘာနဲ့ အာမခံချက်ပေးမလဲ။ သတင်းစာရှင်းပွဲမှာ ဦးဆောင်ခဲ့ကြသူတွေဟာ အဆင့်မြင့်အရာရှိတွေပါပဲ။ သူတို့ကိုတောင် ပြည်သူလူထု အားကိုးမရတဲ့ အခြေအနေမှာ ရှိနေဟန်ပဲ။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်သူ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဆိုရင် လက်ရှိ တာဝန်ထမ်းဆောင် တာဝန်ယူနေသူတွေနဲ့တော့ အမှန်တရားဟာ အဖျောက်ဖျက်ခံနေရသလို ဖြစ်နေဦးမှာပါ။

ဒါကြောင့် ဗစ်တိုးရီးယားလေး အမှုမှာ လက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အစား သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ “စုံစမ်းစစ်ဆေး၊ အမှန်ဖော်ထုတ်ရေး လျှို့ဝှက်အဖွဲ့” အဖွဲ့တခု ဖွဲ့ပြီး ကိုင်တွယ်သင့်ပြီလို့ သုံးသပ်မိကြောင်းပါ။

ထွန်းဇော်ဌေး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013