DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမည်ကို ထုတ်ဖော်ပြောဆိုမှု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ချိုးဖောက်ရာရောက် 
DVB
·
December 20, 2019
Donate to DVB

မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားရဲ့ အမည်ကို သတင်းစာရှင်းလင်းပွဲမှာ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့တဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ ကလေးသူငယ်အ ခွင့်အရေးများဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က  ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေအနေနဲ့ ဗစ်တိုးရီးယားလေးနဲ့ အမည်အရင်းနဲ့ မိဘအမည်တွေကို ထုတ်ဖော်ပြောဆိုခဲ့သလို သူတို့ရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ ရဲဇာနည် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း အမှုဖြစ်စဉ် အထောက်အထားတွေ အကုန်လုံးကို ဖော်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ ပြည်သူတွေက ဗစ်တိုးရီးယားလို့ အမည်ဝှက်နဲ့ခေါ်တဲ့ ကလေးငယ်လေးရဲ့အမည်ကို ထုတ်ဖော်ပြောဆို တာ မလုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခုလို ဖော်ပြခဲ့တဲ့အပေါ် တစ်နိုင်ငံလုံးက ဝေဖန်ရှုတ်ချခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထား ပုဒ်မ ၃၅၃၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ပြီး ထုတ်ဖော်ပြောဆို ထုတ်ပြန်ခဲ့သူတွေကို တာဝန်ရှိသူအဆင့်ဆင့်က ဖော်ထုတ်စစ်ဆေးသင့်တယ်လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က   ပြောပါတယ်။

“ ဒါကြောင့် ထိခိုက်နစ်နာတဲ့သူတွေအတွက် တာဝန်ရှိသူအသီးသီးဟာ ဒါကို စစ်ဆေးပြီးတော့ စီရင်ဆောင်ရွက် သင့်ပါတယ်လို့ ပြောလိုပါတယ် ” 

မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူအဆင့်ဆင့်က ဘယ်လိုအရေးဆောင်ရွက်ပေးမှာလည်းဆိုတာကို မေးရမယ့် တာဝန်ရှိလာပြီလို့လည်း ပြောပါတယ်။

“ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို မသိတာလား၊ ဒါကတော့ မဖြစ်လည်း မဖြစ်သင့်ဘူး၊ မဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ကျမတို့ ယူဆပါတယ်။ အဲဒီတော့ နောက်တစ်ချက်ကတော့ ဘာကြောင့်လည်း ဘာကြောင့် ဒီလို ထုတ်ပြန်လိုက်တာလည်း။ အခုတော့ အဲဒီ Page မှာ ဖြုတ်ချလိုက်ပါပြီ။ သို့သော် တော်တော်များများ ပျံ့နှံသွားပြီဖြစ်တဲ့အတွက် ဒီသမီးငယ်လေးအတွက် အလွန်ပဲနစ်နာတယ်။ သူ့မိဘတွေလည်း ထိခိုက်ခံစားကြရတယ်။ ဒါဆိုလို့ရှိရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဘယ်လို ဆက်လက်ပြီး ဆောင်ရွက်မှာလည်း၊ ဘယ်အဆင့်ကနေ ထုတ်ပြန်လိုက်တာလည်း၊ တာဝန်ရှိသူအဆင့်ဆင့်က ဘယ်လို အရေး ယူဆောင်ရွက်ပေးမှာလည်း ကျွန်မတို့ မေးရမယ့် တာဝန်ရှိလာပါပြီ ” လို့ ဆိုပါတယ်။

လွှတ်တော်အခွင့်အရေးကော်မတီတစ်ခုအနေနဲ့ သက်ဆိုင်ရာတွေကို ခေါ်ယူကြားနာဖို့ကိုလည်း ပြည်သူ့လွှတ်တော်လွှတ်တော် ဥက္ကဋ္ဌနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013