DVB Logo
Home
မေးမြန်းခန်း
တရားသူကြီးတွေရဲ့ စိတ်နေစိတ်ထား ပြောင်းဖို့လိုမယ်
DVB
·
February 8, 2013
တရားသူကြီးတွေရဲ့ စိတ်နေစိတ်ထား ပြောင်းဖို့လိုမယ်
Donate to DVB

 

နှစ်ပေါင်း ၆၀ ကျော်အတွင်း တရားသူကြီးများ ကျမ်းကျိန်တာဟာ လွှတ်တော်ထဲ ဆွေးနွေးမှုတွေ ရှိလာတာကြောင့် ဖြစ်ပြီး၊ အသွင်သဏ္ဌာန်အားဖြင့် ကောင်းပေမယ့် တကယ်တမ်းတော့ တရားသူကြီးတွေရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းဖို့လိုမယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တရားသူကြီး ၁၃၀ ကျော် တရားသူကြီးချုပ်ရှေ့မှောက် ကျမ်းကျိန်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သူက ခုလို ပြောလိုက်တာပါ။

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

တရားသူကြီးတွေ ကျမ်းကျိန်ကြတာ ၁၉၄၇ ကတည်းက မကျိန်ခဲ့တာ အခုမှကျိန်တာပေါ့။ ပြည်နယ်၊ တိုင်း၊ ခရိုင်နဲ့ မြို့နယ် တရားသူကြီးတွေကို တရားသူကြီးချုပ်ရှေ့မှာ ကျမ်းကျိန်ခိုင်းတာ အားလုံးပေါင်း ၁၀၀ ကျော်ပေါ့။ ဒါဘာထူးခြားချက်လို့ ပြောရမလဲ။ ကျနော်တို့တသက် မတွေ့ဖူးသလိုပဲ။

[caption id="attachment_35599" align="alignright" width="150" caption="တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

“ကျနော်တို့ တရားရေးလောကမှာ သက်သေရော၊ အမှုသည်ရော တရားခွင်ရှေ့မှောက်မှာ အမှန်အတိုင်းအစစ်ခံပါမယ်လို့ ကျမ်းကျိန်ရတယ်။ ကိုးကွယ်ရာဘာသာအလိုက်ပေါ့။ အစ္စလာမ်ဆိုလည်း အလ္လာအရှင်မြတ်ကို တိုင်တည်ပြီး သစ္စာဆိုရတယ်။ ခရစ်ယာန်ဆိုလည်း ယေရှုခရစ်ကို တိုင်တည်ပြီး အမှန်ကိုထွက်ပါမယ်လို့ သစ္စာဆိုရတယ်။ ဗုဒ္ဓဘာသာကိုးကွယ်သူကလည်း မှန်ရာကိုအစစ်ခံမယ်။ မမှန်မကန်အစစ်ခံရင် ကျမ်းစာအုပ်မှာပါတဲ့ ကျိန်စာသင့်ပါစေ စသဖြင့်ပေါ့လေ။ အဲလို ကျမ်းကျိန်ပြီးမှ ထွက်ဆိုချက်ပေးရတယ်။ ဒါပေမယ့် ဆုံးဖြတ်တဲ့ တရားသူကြီးက မှန်မှန်ကန်ကန်ဆုံးဖြတ်ပါမယ်လို့ ကျမ်းကျိန်ထားတာမရှိဘူး။ သူ့ကိုတရားသူကြီးအလုပ်ကိုသာ ခန့်ထားတယ်။ အခု လွှတ်တော်မှာတင်တယ်၊ အားလုံးကတော့ ကျမ်းကျိန်ရတယ်။ ဆုံးဖြတ်မယ့် တရားသူကြီးက ကျမ်းမကျိန်ရဘူး။ ကျမ်းကျိန်ရင် လာဘ်ပေးလာဘ်ယူနဲ့ တံစိုးလက်ဆောင်ယူပြီး မမှန်မကန်ဆုံးဖြတ်တာကို ဟန့်တားချင်တဲ့အနေနဲ့ လုပ်တဲ့ သဘောပါ။ အဲဒါကို နိုင်ငံရေးမှာ ရာထူးကြီးကြီးယူတဲ့သူတွေလည်း ကျိန်ရတယ်။ ရာထူးတော်တော်ကြီးသူတွေ။ သမ္မတ၊ လွှတ်တော်အမတ်တွေ၊ ၀န်ကြီးတွေဆိုလည်း ကျမ်းကျိန်ရတယ်။ အဲလိုပဲ တရားသူကြီးချုပ်နဲ့ တရားဝန်ကြီးတွေလည်း ကျိန်ရတယ်။ အောက်က တရားသူကြီးအငယ်တွေကျ မကျိန်ရဘူး။ အဲလို ထောက်ပြကြတော့ သူတို့လည်း ကျမ်းကျိန်ရတဲ့သဘောပေါ့။ ဖြစ်ထွန်းမှုကတော့ ကျနော်တို့ တရားရုံးမှာ သက်သေတွေလည်း ကျိန်တာပါပဲ။ ပြီးရင်လည်း လိမ်တာပါပဲ။ ဒါကတော့ တွေ့နေတာပဲ။ ပြောချင်တာပြောတာပဲ။ ကျမ်းကိုမကြောက်ပါဘူး။ ဒါပေမယ့် တရားသူကြီးတွေအခုလိုကျိန်လိုက်တော့ ကျိန်ပြီးရင် ကျိန်ထားတဲ့အတိုင်း သူတို့ရဲ့ ကျိန်ဆိုချက်ကို သတိရပြီး ဖြောင့်ဖြောင့်မတ်မတ်စီရင်မယ်ဆို ကောင်းတာပေါ့။ ၀တ္တရားအရ ကျိန်ဆိုလို့ ကျိန်လိုက်တာပဲ။ ငါတို့ကတော့ ထုံးစံအတိုင်းပဲ ဒီအတိုင်း တံစိုးလက်ဆောင်နဲ့မကင်းဘူး။ ဆက်နေကြမယ်ဆိုရင် အရာရောက်မှာမဟုတ်ဘူး။ အဓိကက စိတ်နေစိတ်ထားပါ။ စိတ်နေစိတ်ထားနဲ့ ကိုယ့်လုပ်ငန်းအပေါ် သစ္စာရှိဖို့နဲ့ အမှန်တရားကိုလေးစားဖို့ မြတ်နိုးဖို့ပဲ။ မဟုတ်ရင်တော့ လူတဦးချင်းစီရဲ့ စာရိတ္တပိုင်းနဲ့ဆိုင်တာပေါ့။ ကိုယ့်ရဲ့ရာထူးကိုအလွဲသုံးစားလုပ်တာကိုး။ ခံနိုင်ပါ့မလားပေါ့။ အစဉ်အဆက် ဒီလိုပဲ တောက်လျှောက် ကြီးပြင်းခဲ့ကြရတယ်။ လာဘ်ငွေနဲ့ပဲ ကြီးပွားချမ်းသာနေကြတယ်။ လစာနဲ့ ကြီးပွားချမ်းသာတာ နည်းပါတယ်။ မျိုးရိုးနဲ့ချမ်းသာတာတော့ ရှိမှာပေါ့။ တခြားနည်းလမ်းနဲ့ကတော့ ၀င်ငွေတွေအားလုံး တရားသူကြီးတွေရဲ့ ၀င်ငွေအဆင့်အတန်းကတော့ ပုံမှန်ထက် အများကြီး လူနေမှုအဆင့်အတန်းက မြင့်နေတယ်။ ကျနော့်အမြင်ကတော့ စိတ်နေစိတ်ထားပြင်ဖို့က ပိုအဓိကကျတယ်လို့ ထင်တယ်။”

လွှတ်တော်ထဲမှာ ဒီကိစ္စကိုဆွေးနွေးလို့ ကျမ်းကျိန်ဖို့ဖြစ်လာတာပေါ့။

“လွှတ်တော်ထဲမှာတောင်းဆိုကြတယ်။ ဒါကို ဥပဒေပြဋ္ဌာန်းပေးပါ။ အဲမှာ စကားနာထိုးသေးတယ်။ အမှုသည်တွေအားလုံးကျမ်းကျိန်ရတယ်။ ရှေ့နေတွေကျ ဘာလို့မကျိန်ရလဲပေါ့။ အမှန်ကရှေ့နေဆိုတာက ဘာကိုမှထွက်ဆိုတာမရှိဘူးလေ။ ထွက်ဆိုချက်ပေးရတာလည်း မရှိဘူး။ သူကတရားရုံးကို အမှုသည်တွေရဲ့ တင်ပြစရာရှိတာကို တင်ပြပေးရတာပဲရှိတယ်။ တရားသူကြီးကျတော့ ဆုံးဖြတ်ချက်ချရတဲ့သူ။ တကယ့် ရာထူးသိပ်မြင့်တဲ့ နိုင်ငံရေးအရခန့်ထားတဲ့ တရားဝန်တွေကျ ကျမ်းကျိန်ရတယ်။ အောက်ကတရားသူကြီးတွေကျ မကျိန်ရဘူးဆိုတော့ နည်းနည်းလေး မလျော်ကန်ဘူးဆိုပြီး အတွေးပေါက်ပြီး ကျမ်းကျိန်ရမယ်ဆိုပြီး လုပ်လိုက်တဲ့ သဘောပေါ့။ ကျမ်းကျိန်တာ မကျိန်တာထက်၊ တချို့လည်း ကျမ်းမကျိန်ဘဲ မှန်မှန်ကန်ကန်လုပ်တဲ့သူရှိတယ်။ ကျမ်းကျိန်ပြီး မဟုတ်တာလုပ်တဲ့သူလည်း ရှိတာပဲ။ မဟုတ်တာလုပ်တာက အဓိက လူတဦးချင်းစီရဲ့ စိတ်နေစိတ်ထား။ အဓိက အခြေခံစိတ်နေစိတ်ထားကို ပြင်ဖို့က ဒီကျမ်းကျိန်တာတခုထဲနဲ့ မလုံလောက်ဘူးလို့ ထင်တယ်။ ဒါက ကိုယ်ရေးကိုယ်တာအမြင်ပါ။ ရာထူးတာဝန်ခန့်အပ်ကတည်းက ကျိန်ဖို့ကောင်းတယ်။ ဆရာဝန်ဆိုလည်း ကျိန်ရတာပဲလေ။ အခုက ရာထူးခန့်တဲ့အချိန်တုန်းကတော့ ကျိန်တယ်လို့တော့ပြောတယ်။ သို့သော် ဒီလိုမျိုး တခမ်းတနားပုံသဏ္ဌာန်မျိုးတော့ မတွေ့ဖူးဘူး။ ဘာပဲဖြစ်ဖြစ်လေ ကြည့်ရတာတော့ ပုံသဏ္ဌာန်အရတော့ ကောင်းပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013