DVB Logo
Home
မြန်မာသတင်း
အင်းဝမြို့တည်သတိုးမင်းဖျား၏ ပုံတူကြေးရုပ်တု အင်းဝမြို့တွင်ဖွင့်လှစ် 
DVB
·
December 20, 2019
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် အင်းဝမြို့မှာ အင်းဝမြို့တည် သတိုးမင်းဖျားရဲ့ ပုံတူ  ကြေးရုပ်တုကို ဒီကနေ့ ဖွင့်လှစ် လိုက်ပါတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်က “ဒီနေ့ဟာဆိုရင် သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ နိုင်ငံတော်ရဲ့ ဘုန်းတန်ခိုးကို မြှင့်တင်ခဲ့တဲ့မင်းတပါးရဲ့ ရုပ်တုဟာ ခမ်းခမ်းနားနားနဲ့ ထည်ထည်ဝါဝါပေါ်ထွန်းခဲ့ပါပြီ။ ဒါကြောင့် အင်းဝမြို့ဟာ သမိုင်းဝင်တဲ့ မြို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ထွက်အများဆုံးသွားလာနေပြီး စိတ်ဝင်စား တဲ့မြို့ဖြစ်တယ်။ ဒါကြောင့် မြို့ဒေသခံတွေကလည်း ဒီဒေသရဲ့ဂုဏ်ကို ဝိုင်းဝန်းထိမ်းသိမ်းပေးကြဖို့လိုအပ်တယ်”လို့ ရုပ်တုဖွင့်ပွဲမှာ ပြောပါတယ်။ 

သတိုးမင်းဖျားကြေးရုပ်တုကို ၂၀၁၇ ခုနှစ် ဇွန်လကစတင်သွန်းလုပ်ခဲ့တာဖြစ်ပြီး  ၂၀၁၈ ခုနှစ် ဇွန်လမှာ ပြီးစီးသွားခဲ့ပါတယ်။ ရုပ်တု သွန်းလောင်းတဲ့ လုပ်ငန်းကို  သီတဂူဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ တမ္ပဝတီ ဦးဝင်းမောင်ကြီးကြပ်ဦးစီးပြီး သီတဂူပြည့်ဝ ကြေးသွန်းအဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့တာပါ။ 

ရုပ်တုဟာ ကြေးပိသာချိန် ၁၂၀၀ ခန့်ရှိပြီး အမြင့် ၁၃ ပေခွဲနဲ့ အောက်ခံခုံအမြင့် ၁၄ ပေမြင့်ကာ အဝတ်အစားကိုတော့ ပထမအင်းဝခေတ် အဝတ်အစားပုံစံ ပြုလုပ်နိုင်ဖို့ နံရံဆေးရေးပန်းချီတွေ လေ့လာပြီး သွန်းထုခဲ့တာလည်းဖြစ်ပါတယ်။

ရုပ်တုအတွက် သီတဂူဆရာတော်က ကျပ်သိန်း ၆၀၀ ကျော်မတည်ခဲ့ပြီး ကြေးရုပ်သွန်းလုပ်ခဲ့တဲ့  ကုန်ကျငွေက ကျပ် သိန်း ၁၀၀၀ ကျော်ရှိတယ်လို့ မြန်မာမှုပညာရှင်ဖြစ် တမ္ပဝတီ ဦးဝင်းမောင်ကပြောပါတယ်။

ပထမအင်းဝမြို့ကိုစတင်တည်ထောင်ခဲ့သူဟာ တကောင်းမင်းဆက်က သတိုးမင်းဖျားဖြစ်ပြီး မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ် တပေါင်လဆန်း ၆ ရက် အေဒီ ၁၃၆၄ မှာတည်ထောင်ခဲ့ တယ်လို့ သမိုင်းမှတ်တမ်းအရသိရပါတယ်။

ရုပ်တုဖွင့်ပွဲကို  သီတဂူဆရာတော်ကြီးနဲ့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတို့အပြင်  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေလည်း တက်ရောက် ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013