DVB Logo
Home
မြန်မာသတင်း
မြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးရေး ကူညီရန် သမ္မတနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဆွေးနွေး
DVB
·
February 8, 2013
မြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးရေး ကူညီရန် သမ္မတနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဆွေးနွေး
Donate to DVB

စားနပ်ရိက္ခာထုတ်လုပ်ရာမှာ အရေးပါတဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ဖို့ သမ္မတနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

[caption id="attachment_36250" align="alignright" width="300" caption="သမ္မတဦးသိန်းစိန်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဆွေးနွေးနေစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်) "][/caption]

သမ္မတဦးသိန်းစိန်နဲ့  အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မစ္စတာ ဟာရုဟီကို ကူရိုဒါ (Mr. Haruhiko Kuroda) တို့ နေပြည်တော်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီးတော့ မြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးရေးအတွက် အေဒီဘီက ကူညီဆောင်ရွက်တာဟာ ကောင်းတဲ့ ကိစ္စဖြစ်ပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တုန်းက ထိခိုက်ခံရပြီး အခုအထိ နာလန်မထူနိုင်သေးတဲ့ လူ ၂ သန်းခွဲအတွက် နာလန်ပြန်ထူနိုင်ရေး  အစီအစဉ်တွေကို  တီထွင် ကူညီရင်  ပိုကောင်းမယ်လို့ မင်္ဂလာမြန်မာ ညွှန်ကြားရေးမှူး ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။

“နဂိုရှေးရိုးစွဲ တခြားနိုင်ငံတွေမှာလုပ်တဲ့အစီစဉ်တိုင်း ပုံတူကူးချမယ်ဆိုရင်တော့ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို တီထွင်ပြီးဆောင်ရွက်မယ်ဆိုရင်တော့ အောင်မြင်မှာပါ။ အဲလိုလုပ်ဖို့အတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေရုံပဲ လုပ်နေလို့ မရဘူး။ အထူးသဖြင့် စိုက်ပျိုးရေးဆိုရင် လယ်ယာကဏ္ဍမှာ ပါဝင်တဲ့ တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေနဲ့ သေချာဆွေးနွေး လေ့လာပြီးတော့ လုပ်မှရမယ်။ အေဒီဘီက ကူညီမယ်။ အဲလိုပဲ ကမ္ဘာပေါ်မှာရှိတဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကူညီမယ်ဆိုတာ ကောင်းပါတယ်။ အဲလို ငွေရေးကြေးရေးအဖွဲ့အစည်းတွေ၊ အေဒီဘီတို့လို အဖွဲ့အစည်းတွေက ကူညီတိုင်း စီမံကိန်းတိုင်းက အောင်မြင်တာမဟုတ်ဘူး။ သူတို့ကူညီတော့ မအောင်မြင်ခဲ့တဲ့ စီမံကိန်းတွေလည်း အများစုရှိတယ်။ လာကူတဲ့အချိန်မှာ အောင်မြင်တဲ့စီမံကိန်းဖြစ်ရင်တော့ ပြည်သူတွေနဲ့ နိုင်ငံ ရေရှည်ဖွံ့ဖြိုးမှုတွေအတွက် အများကြီး အကျိုးရှိမှာပေါ့။”

အေဒီဘီက အစိုးရအပါအ၀င် အောက်ခြေအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုသလို အေဒီဘီက စေလွှတ်လိုက်တဲ့ ကျွမ်းကျင်သူတွေကလည်း မြန်မာပညာရှင်နဲ့ ပူးပေါင်းပြီးတော့ ကောင်းတဲ့ အစီအစဉ်တွေကို ချမှတ်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။

နာဂစ်ဒဏ်သင့်တဲ့ဒေသတွေမှာ နိုင်ငံတကာက ပေးအပ်တဲ့အကူအညီဟာလည်း လုပ်သင့် လုပ်ထိုက်တဲ့ အခြေအနေအထိ မရောက်ခဲ့သလို ပြန်လည်ထူထောင်ရေး အခက်အခဲတွေ အတွက် ဒေါက်တာ ဖုန်းဝင်းက အခုလို ပါတယ်။

“တဦးချင်းကို ကူရာမှာမဟုတ်ဘဲ အများစုကို ကူရမယ့် စီမံကိန်းမျိုးဆိုရင်ုလုံးဝ ကူခဲ့တာ မရှိဘူး။ ဆိုလိုတာက လူအများနဲ့ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေ။ စိုက်ပျိုးရေးနဲ့ပဲ ဖြစ်ဖြစ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ပဲ ဖြစ်ဖြစ်၊ ဈေးကွက်ရရှိရေးအတွက် ကုန်သွယ်မှုအတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဘာမှကူခဲ့တာ မရှိဘူး။ အဲဒါတွေက အဓိက အခက်ခဲပဲ။ နာဂစ်တုန်းက အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀၀၀ ကျော် ရမှ အဆင်ပြေမယ်လို့ မှန်းထားပေမယ့် ဒေါ်လာ သန်း ၅၀၀ ပဲ ရောက်ခဲ့တယ်။ အဲတော့ သန်းပေါင်း ၃၅၀၀ လောက်မရဘဲနဲ့ ကျန်ခဲ့တယ်။ ကျနော်တို့က အလုပ်တွေ အများကြီး မလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေရတဲ့သဘော ဖြစ်နေတယ်။ သန်းပေါင်း ၃၅၀၀ ထဲက ၅၀၀ ဆိုရင် မရှိမဖြစ် ကူညီရမယ့် လုပ်ငန်းအဖြစ် နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေကလည်း သဘောတူထားတယ်။ ကုလသမဂ္ဂကလည်း သဘောတူထားတယ်။ လူထုကလည်း သဘောတူတယ်။ မြန်မာအစိုးရကလည်း သဘောတူတယ်။ နာဂစ်ဖြစ်သွားတာ အခုဆိုရင် ၅ နှစ်ပြည့်တော့မယ်။ အဲဒီအချိန်ထိ အင်မတန်အရေးကြီးတယ်ဆိုတဲ့ သန်း ၅၀၀ လည်း ရောက်မလာသေးဘူး။ ထပ်ပြီးအရေးကြီးတယ်ဆိုတဲ့ သန်း ၃၀၀၀ ကလည်း မရောက်လာသေးဘူး။ နာဂစ်တုန်းက အကူညီတွေက ၀မ်းနည်းဖွယ်ရာကောင်းလောက်အောင် မရောက်လာပါဘူး။”

ဒီကိစ္စတွေအပြင် မဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဒီဘီက ပါဝင် ကူညီဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ မြစ်ကြီး ၃ စင်းက ရေချိုတွေကို အကျိုးရှိစွာ အသုံးချနိုင်ရေးနဲ့  ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် မြစ်ကြောင်းထိန်းသိမ်းရေး ကိစ္စရပ်တွေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရေးတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း မော်တော်ကားလမ်း ဖောက်လုပ်မှု၊ မြန်မာ-လာအို မဲခေါင်မြစ်ကူး တံတား ဆောက်လုပ်မှုနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေမှာ အေဒီဘီက ကူညီဆောင်ရွက်ရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု၊ ဆက်သွယ်ရေးလမ်းကြောင်းများ ဖွံ့ဖြိုးမှုနဲ့ ရေရှည်စွမ်းအင်ဖွံ့ဖြိုးမှုတို့အတွက် နည်းပညာနဲ့ ငွေကြေးအကူအညီများ ပံ့ပိုးရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနဲ့ ပတ်သက်တဲ့ အကြွေးကိစ္စတွေကို ရှင်းလင်းပြီးတဲ့နောက် အေဒီဘီအကြီးအကဲက ပထမဆုံးအကြိမ် လာရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
အရင်လက မူဝါဒကို အခြေခံတဲ့ ချေးငွေ ဒေါ်လာ ၅၁၂ သန်း မြန်မာကို ချေးပေးဖို့လည်း ကြေညာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဩဂုတ်လအတွင်း  မြန်မာမှာ အေဒီဘီရုံးခန်းကို ဖွင့်လှစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013