ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်နဲ့ မြန်မာစာဌာနတည်ထောင်တဲ့ (၇၈) နှစ်မြောက်အထိမ်းအမှတ် ဆရာကြီးဦးဖေမောင်တင်ရဲ့ ပုံတူရုပ်တုဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်မှာ ပြုလုပ်ပါတယ်။
ဆရာကြီးဦးဖေမောင်တင်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံးမြန်မာလူမျိုး ကျောင်းအုပ်ကြီး ဖြစ်သလို မြန်မာစာဌာနကို စတင်တည်ထောင်ခဲ့သူတဦးဖြစ်ပြီး သူ့ရဲ့ ဂုဏ်ကျေးဇူးတွေကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ အမှတ်တရပုံတူ ရုပ်တုပြုလုပ်ထားရှိတာပါ။
ဆရာကြီးဟာ ကိုလိုနီခေတ်ပညာရေးမှာ သိမ်ငယ်နေတဲ့ မိခင်မြန်မာစာပေကို လူရာဝင်ပြီး လူလားမြောက်အောင်ရှေ့တန်းတင်ပေးနိုင်ခဲ့သလို စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း၊ သုတေသနစတဲ့ ပညာရပ်နယ်ပေါင်းစုံမှာ ကြိုးပမ်းဆောင် ရွက်ခဲ့တဲ့ ပညာရှိသုခမိန်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဆရာကြီးဦးဖေမောင်တင်ရဲ့ အမှတ်တရ ပုံတူရုပ်တုကို ကြေးနဲ့ သွန်းလောင်း ပြုလုပ်ထားတာဖြစ်ပြီး ရုပ်တုကို ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနရှိရာ တောင်ငူဆောင်မှာ ထားရှိပါတယ်။
ရုပ်တုဖွင့်လှစ်ပွဲ အခမ်းအနားကိုတော့ သမ္မတဟောင်းဦးထင်ကျော်၊ ပညာရေးဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ဦးဖေမောင်တင်ရဲ့မိသားစုဝင်တွေနဲ့ မြန်မာစာဌာန တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။











