DVB Logo
Home
ဆောင်းပါး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေနဲ့ ခရိုနီတွေရဲ့ သဘောထား
DVB
·
February 7, 2013
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဥက္ကဋ္ဌ သူရဦးရွှေမန်းက လတ်တလော အစိုးရအဖွဲ့က ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု “နည်းဥပဒေ”နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ လှုံ့ဆော်လိုက်ပါတယ်။

တဆက်တည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကိုလည်း “နည်းဥပဒေ” ကို စေ့စေ့စပ်စပ် လေ့လာပြီး တင်ပြဖို့ ညွှန်ကြားလိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ သက်တမ်း ၂ နှစ်ဝန်းကျင်ရှိတဲ့ လွှတ်တော်မှာ အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ “နည်းဥပဒေ” ကို ဆွေးနွေးဖို့လုပ်တာ ဒါ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ ဒီဆောင်ရွက်ချက်ဟာ ဘာသဘောဆောင်ပါသလဲ၊ ဒီဆောင်ရွက်ချက်ကြောင့် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ အစိုးရအဖွဲ့က တင်သွင်းပြီး လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကိစ္စ ဆွေးနွေးစဉ်တုန်းကလည်း အတော်လေးကို အချေအတင် ဖြစ်ခဲ့ပါသေးတယ်။ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်တော့မယ်၊ ဈေးကွက်စီးပွားရေးစနစ်ကိုလည်း တကယ်ကျင့်သုံးတော့မယ်၊ ဒီအတွက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာအောင် ဖိတ်ခေါ်ဖို့လိုတယ်၊ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေထက် ပိုကောင်းတဲ့ ပိုပြီးဆွဲဆောင်နိုင်စွမ်းရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ လိုအပ်တယ် ဆိုပြီး ရွေးဆွဲခဲ့ကြတာပါ။ ဒါပေမယ့် စစ်အုပ်စုနဲ့ ခရိုနီတွေကြီးစိုးပြီး တိုင်းပြည်စီးပွားရေးကို လက်ဝါးအုပ်ထားကြတဲ့ အခြေအနေမှာ တခြားနိုင်ငံတွေနည်းတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရှောရှောရှူရှူ ခွင့်ပြုပေးလိုခြင်းတော့ မရှိခဲ့ပါဘူး။ အထူးသဖြင့် လွှတ်တော်ထဲရောက်နေတဲ့ ခရိုနီအုပ်စုတွေ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန်ကတော့ သူ့အနားမှာရှိတဲ့ စီးပွားရေးဆိုင်ရာ အကြံပေးတွေရဲ့ အကူအညီနဲ့ စံချိန်မီ ဥပဒေကြမ်းတခု ရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခရိုနီတွေ ကြီးစိုးတဲ့ လွှတ်တော်က ဥပဒေပါ အချက်အလက်ပေါင်းများစွာကို ပြင်ဆင်ပြီး အတည်ပြုလိုက်ပါတယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ အဲဒီ ဥပဒေကြမ်းအတိုင်းသာဆိုရင် အတော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ဘယ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ မယ်မယ်ရရ ၀င်လာစရာ မရှိပါဘူး။ ဒီအတွက်လည်း လွှတ်တော်က အတည်ပြုပေးပို့လာတဲ့ ဥပဒေကြမ်းကို သမ္မတက သဘောမတူနိုင်တဲ့ ပြင်ဆင်ချက် ၁၀ ချက်ကျော်ကို မှတ်ချက်လုပ်ပြီး ပြန်ပေးလိုက်ပါတယ်။

ဒီ တကြိမ်တော့ သမ္မတရဲ့ မှတ်ချက်နဲ့ ရောက်လာတဲ့ ဥပဒေကြမ်းကို လွှတ်တော် ဥက္ကဋ္ဌကရော၊ လွှတ်တော် ဥပဒေကြမ်းကော်မတီတွေကပါ သဘောပေါက်ပုံရပါတယ်။ ဒီအတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီဟာ သမ္မတရဲ့ ပြင်ဆင်ချက် အားလုံးနီးပါးလောက်ကို သဘောတူကြောင်း လွှတ်တော်မှာ ထွက်ဆိုခဲ့ပါတယ်။ ဒီ တကြိမ်တော့ အမတ်ဖြစ်နေတဲ့ ခရိုနီတွေလည်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှမ်းမိုးနိုင်စွမ်း မရှိတော့ပါဘူး။ ဒီလိုနည်းနဲ့ ဥပဒေကြမ်း အတည်ဖြစ်၊ သမ္မတဆီပို့ပြီး သမ္မတက အတည်ပြုလက်မှတ်ရေးထိုး ထုတ်ပြန်နိုင်တဲ့ အဆင့် ရောက်လာခဲ့ပါတယ်။

အခုတော့ အစိုးရအဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းအတိုင်း “နည်းဥပဒေ” ထုတ်ပြန်တာ၊ နိုင်ငံခြားသားတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်တဲ့ လုပ်ငန်း၊ နိုင်ငံသားတွေနဲ့ ဖက်စပ်လုပ်ရမယ့် လုပ်ငန်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ မှတ်ချက်နဲ့သာ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်း စသဖြင့် အသေးစိတ် ထုတ်ပြန်လိုက်ပါပြီ။ ပုံမှန်အားဖြင့်ဆိုရင် ဥပဒေကို သက်ဆိုင်ရာ အစိုးရအဖွဲ့က “နည်းဥပဒေ” ထုတ်ပြန်ပြီးရင် လုပ်ငန်းအားလုံး စတင်ဖို့ပဲ ရှိပါတော့တယ်။ စ လည်း စ နိုင်ပါပြီ။ ဒါပေမယ့် “နည်းဥပဒေ” ကို လွှတ်တော်က ဆွေးနွေးဦးမယ် ဆိုတော့ စဉ်းစားစရာတွေ အများကြီး ပေါ်လာပါတယ်။ လွှတ်တော်ဟာ အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေကို အသေးစိတ် ကြီးကြပ်ဖို့ လို၊ မလို၊ ဒီလို လုပ်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ စတာတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ အရင် စစ်အစိုးရအဖွဲ့ကို အမွေဆက်ခံထားတဲ့ လက်ရှိ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဟာ ကိုယ့်အကျိုးစီးပွားနဲ့ ကိုက်ညီ၊ မကိုက်ညီ ဆိုတဲ့ ကိစ္စ၊ “နည်းဥပဒေ” ထဲရောက်တဲ့အထိ အငြင်းပွားကြဦးမယ့် သဘောရှိပါတယ်။ ဥပမာ လက်ရှိ နည်းဥပဒေနဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာဘာသာနဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း လုပ်ငန်းတွေ လုံးဝ လုပ်ခွင့်မရှိပါဘူး။ ဒါပေမယ့် ပုံနှိပ်စာစောင်တွေထက် အစွမ်းထက်ထိရောက်တဲ့ ရုပ်သံလွှင့်၊ ရေဒီယို လုပ်ငန်းမျိုးတွေကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်ခွင့်ပြုထားပြန်ပါတယ်။

လောလောဆယ် ဖြစ်ပျက်နေတာတွေကိုကြည့်ရင် မကြာမီ သတင်းစာထုတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဩစတြေးလျနိုင်ငံသား ၂ ယောက်က ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ “မြန်မာတိုင်းမ်” ကုမ္ပဏီရဲ့ အနာဂတ် မရေရာတော့ပါဘူး။ အလားတူ နိုင်ငံခြား မီဒီယာကုမ္ပဏီ အတော်များများနဲ့ သဘောတူ အလုပ်လုပ်နေတဲ့ လက်ရှိ ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းသား ပိုင်ဆိုင်တဲ့ MRTV-4နဲ့ Forever Group၊ အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ ရွှေသံလွင်ဦးကျော်ဝင်း ပိုင်ဆိုင်တဲ့ စကိုင်းနက် ရုပ်သံကုမ္ပဏီတွေရဲ့ အနာဂတ်ကတော့ သေချာသွားစေပါတယ်။ အလားတူ ပြဿနာမျိုးတွေ “နည်းဥပဒေ”ထဲမှာ အများကြီးရှိနေပါတယ်။ ဒီအတွက် လွှတ်တော်ထဲ ရောက်နေတဲ့ ခရိုနီတွေ ဒီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ “နည်းဥပဒေ” ကို ဘယ်လို ကိုင်တွယ်ကြဦးမလဲဆိုတာ မကြာမီ တွေ့မြင်ကြရတော့မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013