ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ ဖူကို့ကျွန်းမှာ စက်လှေမှောက်ပြီး သေဆုံးခဲ့တဲ့ အိန္ဒိယခရီးသည်တွေရဲ့ အလောင်းတွေကို ဇူလိုင် ၁၄ ရက်မှာ အိန္ဒိယနိုင်ငံဆီ ပြန်ပို့ခဲ့ပါတယ်။
ဇူလိုင် ၁၁ ရက်မှာ လှေမှောက်လို့ အိန္ဒိယခရီးသည် ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၂၁ ယောက် အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေကို ကိုးကားပြီး VnExpress သတင်းဌာနက ဖော်ပြပါတယ်။
စက်လှေပေါ်မှာ အိန္ဒိယခရီးသည် ၃၂ ယောက်၊ သင်္ဘောသား ၃ ယောက်နဲ့ အကူတယောက် အပါအဝင် လူ ၃၆ ယောက် လိုက်ပါလာခဲ့ပါတယ်။
စက်လှေဟာ ဟွန်မေးရပ်ကျွန်းကနေ အန်သိုအီဆိပ်ကမ်းဆီ မောင်းနှင်နေချိန် ပင်လယ်ကမ်းခြေကနေ ပေ ၁,၃၀၀ လောက်အကွာမှာ တိမ်းမှောက်သွားခဲ့တာလို့ အာဏာပိုင်တွေကို ကိုးကားပြီး VnExpress က ဖော်ပြပါတယ်။
အဲဒီအချိန်က အဲဒီဒေသမှာ ပင်လယ်အခြေအနေတွေ ကြမ်းတမ်းပြီး လှိုင်းကြီးတွေ တိုက်ခတ်နေတယ်လို့ ဆိုတယ်။
ဗီယက်နမ်ရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ ဖူကို့ကျွန်းဟာ နိုင်ငံမှာ အကျော်ကြားဆုံး ခရီးသွားစရာ နေရာတွေထဲက တခုဖြစ်လာခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း အိန္ဒိယခရီးသည် အမြောက်အမြားကို ဆွဲဆောင်ခဲ့ပါတယ်။










