DVB Logo
Home
မြန်မာသတင်း
အမှိုက်သန့်စင်လုပ်ငန်းအတွက် ယူရိုငွေ သန်း ၅၀ ချေးယူခွင့်ပြုရန် လွှတ်တော်ထံ တင်ပြ
DVB
·
December 18, 2019
အမှိုက်သန့်စင်လုပ်ငန်းအတွက် ယူရိုငွေ သန်း ၅၀ ချေးယူခွင့်ပြုရန် လွှတ်တော်ထံ တင်ပြ
Donate to DVB

ရန်ကုန်မှာ နောက် ၄ နှစ်ကြာရင် အမှိုက်တွေပစ်ဖို့ နေရာမရှိတော့တာကြောင့် ယူရို သန်း ၅၀ ချေးယူပြီး အမှိုက်သန့်စင်ဖို့ လုပ်နေတယ်လို့ သမ္မတက လွှတ်တော်ကို တင်ပြလိုက်ပါတယ်။

ရန်ကုန်တိုင်း ထိန်ပင်အမှိုက်ပုံမှာ လုပ်မယ့် အမှိုက်သန့်စင် စီမံကိန်းအကြောင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဒုဝန်ကြီး ဦးမောင်မောင်ဝင်းက မနေ့က လွှတ်တော်ကို လာရောက်ရှင်းပြခဲ့ပါတယ်။

“အိမ်ထောင်စုထွက် အမှိုက်က နေ့စဉ် တန် ၂၃၀၀ ကနေ တန် ၂၅၀၀ လောက်အထိ ထွက်ပါတယ်။ စက်မှုဇုန်ထွက်အမှိုက်အနေနဲ့ တနေ့ကို တန် ၁၅၀ လောက်၊ ဆေးရုံ ဆေးခန်းထွက် အမှိုက်က တနေ့ကို ၂ ဒသမ ၄ တန်လောက် ထွက်နေပါတယ်။ လက်ရှိနည်းစနစ်အတိုင်း ဆက်လက်စွန့်ပစ်နေရင် နောင်လာမယ့် ၄ နှစ်လောက်မှာ အမှိုက်စွန့်ပစ်ဖို့ မြေနေရာ မရှိတော့တာကို လေ့လာတွေ့ရှိရပါတယ်” လို့ ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုပါတယ်။

၂၀၁၈ ခုနှစ်စာရင်းအရ ရန်ကုန်မှာ လူဦးရေ ၇၆ သိန်းရှိပြီး စီးပွားရေးမြို့တော်ဖြစ်တာနဲ့အညီ မြို့ပြဖွံ့ဖြိုးမှု တိုးတက်လာတာ၊ လူဦးရေ တိုးလာတာ၊ ရွှေ့ပြောင်းနေထိုင်သူ များလာတာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာ များလာတာ စတာတွေကြောင့် ဖြစ်တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

လက်ရှိ အမှိုက်စွန့်ပစ်နေတဲ့စနစ်က ပြုပြင်သန့်စင်တာ မလုပ်နိုင်ဘဲ ဟင်းလင်းဖွင့် စုပုံထားတာကြောင့် ဓာတ်ငွေ့တွေ ထွက်တာ၊ မီးလောင်တတ်တာ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းထိခိုက်တာတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ဒီအမှိုက်ပုံမှာ အမှိုက်စွန့်ပစ်လာတာ ၁၇ နှစ်ကျော်နေပြီ ဖြစ်တာကြောင့်လည်း အမှိုက်တွေကို ချေဖျက်သန့်စင်နိုင်ဖို့ ဖြစ်နိုင်စွမ်းကို ပိုလန်နိုင်ငံနဲ့ ရန်ကုန်စည်ပင်တို့ ပေါင်းပြီး တလကြာ လေ့လာရာမှာ Mechanical Biological Treatment နည်းစဉ်ဖြစ်တာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒါကြောင့် ပိုလန်နိုင်ငံကနေ ယူရိုငွေ သန်း ၅၀ ချေးယူပြီး ၂၀၂၀ ကနေ ၂၀၁၃ ခုနှစ်အထိ တရက်ကို အမှိုက်တန် ၁၀၀၀ ကို သန့်စင်မယ်လို့ ဆိုပါတယ်။

ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “ဒီကနေပြီး စီအန်ဂျီ တန် ၃၀၊ Liquefied CO2 (ကာဗွန်ဒိုင် အောက်ဆိုက် အရည်)တန် ၄၀၊ စွမ်းအားဖြည့်လောင်စာ တန် ၁၈၀၊ သဘာဝမြေဆွေး တန် ၂၅၀ ထွက်ရှိမှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

လက်ရှိ ရန်ကုန်က ထွက်နေတဲ့ အမှိုက်တွေမှာ အစားအသောက်အမှိုက်က ၇၀ ရာခိုင်နှုန်းလောက်ရှိပြီး ပလတ်စတစ် ၁၂ ရာခိုင်နှုန်း၊ သစ်ရွက် ၈ ရာခိုင်နှုန်း၊ စက္ကူ ၃ ရာခိုင်နှုန်းပါဝင်နေပါတယ်။

ချေးငွေအတွက် ဆိုင်းငံ့ကာလ ၅ နှစ်၊ ပြန်ဆပ်ရမယ့်ကာလ ၆၂ နှစ်၊ အတိုးနှုန်းကတော့ တနှစ်ကို သုည ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပြီး သက်သာတဲ့ချေးငွေ ဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်းငံ့ကာလမှာ တနှစ်ကို အတိုးယူရို ၅ သောင်းလောက်ပေးရမှာဖြစ်ပြီး ပြန်ဆပ်ကာလမှာတော့ အရင်းနဲ့အတိုး တနှစ်ကို ယူရို ၈ သိန်းခွဲလောက် ပေးဆပ်ရမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူမှာ ဖြစ်ပြီး ရန်ကုန် စည်ပင်ဟာ တခြား စီမံကိန်း ၃ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော်ကိုလည်း စာချုပ်ချုပ်ဆိုထားပါတယ်။

ငွေချေးယူမယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေး အတည်ပြုရဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013