DVB Logo
Home
မြန်မာသတင်း
အကျင့်ပျက် အစိုးရ၀န်ထမ်း အရေးယူမှု လွှတ်တော် အားရမှုမရှိ
DVB
·
February 7, 2013
Donate to DVB

အစိုးရ၀န်ထမ်းတွေရဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့  မတရားမှုတွေနဲ့ ပတ်သက်ပြီး တိုင်းကြားထားတဲ့ တိုင်တန်းချက်တွေထဲက ၅ ပုံ ၁ ပုံလောက်ကိုပဲ အစိုးရက အရေးယူဆောင်ရွက်နိုင်သေးတဲ့အတွက် အားရမှုမရှိဘူးလို့ အမျိုးသားလွှတ်တော် ပြည်သူတို့ရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီအဖွဲ့ဝင်တဦးက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ  အကျင့်ပျက်ဝန်ထမ်းတွေအပေါ် ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို အရေးယူဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဖြေကြားချက်ကို ပြည်သူတို့ရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ  ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖတ်ကြားခဲ့ပါတယ်။

ဒီဖတ်ကြားချက်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်ကနေ  ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကာလအတွင်း ၀န်ကြီးဌာနတွေက အမှုထမ်းပေါင်း ၁၇,၀၀၀ ထောင်လောက်ကို အရေးယူခဲ့တယ်လို့ ပါရှိတာပါ။

အရေးယူတဲ့အထဲမှာ စာနဲ့ သတိပေးခံရသူပေါင်း ၄,၃၃၃ ဦး၊ နှစ်တိုးလစာ ရပ်ဆိုင်းခံရသူပေါင်း ၈၁၆ ဦး၊ ရာထူးတိုးမှု ရပ်ဆိုင်းခံရသူပေါင်း ၁၈၅ ဦး၊ လစာနှုန်းအတွင်းလျှော့ခံရသူ ၂,၅၆၆ ဦး၊ ရာထူးလျှော့ခံရသူ ၈၉၈ ဦး၊ လစာမှလျှော့တာ ၈၀ ဦး၊ တာဝန်က ယာယီရပ်ဆိုင်းခံရသူ ၁၃၄ ဦး၊ ရာထူးကနေ ထုတ်ပယ်ခံရသူ ၁,၇၃၈၊ တာဝန်က ထုတ်ပယ်ခံရသူ ၄,၉၇၃၊ စုစုပေါင်း အရေးယူခံရသူပေါင်း ၁၅,၇၂၃ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြည်ထဲရေးဌာနက အရေးယူမှုမှာတော့ ရှုံ့ချခံရသူ ၈၇ ဦး၊ ရဲအချုပ်ထောင်မှာ  ထောင်ကျသူ ၃၈၀ဦး၊ ရဲအမှုထမ်းသက်လျော့ခံရသူ ၆၈၉ဦး၊ ပင်စင်ပေးခံရသူ ၂၀ဦး၊  ပြောင်းရွှေ့ခံရသူ  ၅၂ ဦး၊ ရဲစည်းကမ်းဖောက်ဖျက်သူ ၁ ဦး စုစုပေါင်း ၁,၂၂၉ ဦး ရှိတယ်လို့ ဆိုပါတယ်။  ဒါကြောင့် အရေးယူခံရသူ စုစုပေါင်း ၁၆,၉၅၂ ဦးရှိတယ်လို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ  ကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော် အမတ် ဦးမင်းဦးကတော့ အရေးယူခံရသူ  အများစုဟာ တရားရေးဌာနနဲ့ ပြည်ထဲရေးဌာနကဖြစ်ပြီး အစိုးရဆီတိုင်ကြားထားတဲ့  တိုင်တန်းချက်တွေထဲက  ၅  ပုံ ၁ ပုံ လောက်ကိုပဲ အစိုးရက အရေးယူနိုင်သေးတယ်လို့ ပြောပါတယ်။

“ဖတ်ပြတဲ့စာအရဆိုရင် ကျနော်တို့တင်ထားတာရဲ့  ပြန်ကြားပေးတာဆိုရင်တော့ အားရဖွယ်ရာတော့ အားနည်းသေးတယ်ပေါ့။ ပေးပို့လိုက်တဲ့အမှုတွဲ ၅၂၉ တွဲမှာ ပြန်ကြားလာတဲ့အမှုတွဲဟာ ၁၀၄ တွဲပဲ ရှိသေးတော့ ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ၁၉ ဒဿမ ၆၆ လောက်ပဲရှိတယ်ဆိုတော့ အားရကျေနပ်စရာမရှိဘူး။ စုစုပေါင်း အကုန် ၂၀၁၁၊ ၂၀၁၂ ခုနှစ်အတွင်းရော အတွဲပေါင်းအားလုံး ၄၂၅ တွဲပြန်ဖို့ ကျန်တယ်။”

ပြီးခဲ့တဲ့  ဇန်န၀ါရီ ၁၆ ရက်နေ့က  ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ရာထူးက အနားယူသွားပြီးနောက်  ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနက  အရာရှိတွေကို အကျင့်ပျက် လာဘ်စားမှုတွေနဲ့ နေပြည်တော်မှာ  စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကတော့  ဥပဒေနဲ့ ငြိစွန်းတယ်လို့ ယူဆသူတွေကို တိုင်ချက်ဖွင့်ပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပဲလို့ ပြောပါတယ်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာတော့ ပထမအဆင့် စာရင်းစစ်ချုပ်ရုံးက စုံစမ်းတာတော့ ရှိတယ်။ နောက် စာရင်းစစ်ချုပ်ရုံးကနေ စစ်လိုက်လို့ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ထင်တဲ့သူတွေကိုတော့ ပြည်ထဲရေးက ဆက်စစ်ဆေးနိုင်ဖို့ ပထမသတင်းပေးတိုင်ချက်ဖွင့်ပြီး ဆက်လက် စစ်ဆေးနေပါတယ်။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးကတည်းက သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင်လုပ်မယ်ဆိုပြီး အကျင့်ပျက်ခြစားမှုတွေကို အရေးယူဖို့ သမ္မတက သူရဲ့ မိန့်ခွန်းတွေမှာ ပြောကြားလေ့ရှိတာပါ။

ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ခြစားမှုကို စောင့်ကြည့်လေ့လာနေတဲ့ Transparency International အဖွဲ့ကတော့ မြန်မာနိုင်ငံကို ကမ္ဘာ့လာဘ်စားမှု အဆိုးရွားဆုံး ၅ နိုင်ငံစာရင်းမှာ ထည့်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013