DVB Logo
Home
နိုင်ငံရေး
အိုင်စီဂျေ သင်ခန်းစာ
DVB
·
December 17, 2019
အိုင်စီဂျေ သင်ခန်းစာ
Donate to DVB

မြန်မာနဲ့ ဂမ်ဘီယာအမှု  ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာခုံရုံး (အိုင်စီဂျေ)မှာ  သုံးရက်ကြာ တရားဆိုင် လျှောက်လဲချက် တင်လို့ပြီးခဲ့ပါပြီ။ ဒါကို အကြောင်းပြုပြီး မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ကွဲကြ၊ ပြဲကြ၊ ဆဲကြ၊ ဆိုကြ၊ ထောက်ခံကြ၊ ကန့်ကွက်ကြတာတွေလည်း ဆူညံသွားပါရောလား။

“မရောင်ရာ ဆီလူး”နေတယ်လို့တော့ အပြစ်မဆိုရက်ပါဘူး။ နိုင်ငံအရေး ဖြစ်နေသကိုး။ ကိုယ့်ထင်မြင်ချက်ကို လွတ်လပ်စွာ ပြောခွင့်ဆိုခွင့် ရှိနေတာကိုက ဒီမိုကရေစီရဲ့ အလှတရားတခု မဟုတ်ပါလား။ ဒီအလှတရားကို မခံစားနိုင်သူတွေအဖို့တော့ မိတ်ဆွေကနေ ရန်သူတွေတောင် ဖြစ်သွားကြဆိုပဲ။

ဒါပေမဲ့ မတူညီတဲ့ ဘက်နှစ်ဖက်လုံးမှာ တူညီတာတခုတော့ ရှိတယ်။ အဲဒါက ကျူးလွန်သူကို အပြစ်ခံစားစေချင်တဲ့ ဆန္ဒပဲ။ ဘယ်သူကမှ လူသတ်တာ၊ မုဒိမ်းကျင့်တာတွေကို အားမပေးကြပါဘူး။ ဂျီနိုဆိုက်ကျတော့ တမျိုး စဉ်းစားစရာ။

ဂျီနိုဆိုက်ရဲ့ ဖွင့်ဆိုချက်က ဘာတွေလဲ။ ဂျီနိုဆိုက်နဲ့ အိုင်စီဂျေခုံရုံးဟာ ဘာကြောင့် ပေါ်လာရသလဲ။ နိုင်ငံတကာဥပဒေဟာ ဘာလဲဆိုတာတွေကို မြန်မာနိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေ၊ ပြည်သူတွေကြားမှာ လေ့လာဖို့ နိုးကြားလာခဲ့တာကတော့ အသေအချာပါပဲ။ ဒါဟာလည်း ကျ‌နော်တို့ ရလိုက်တဲ့ အမြတ်တခုပါ။ ဥပဒေပိုင်းဆိုင်ရာ အသိတချို့ ထဲထဲဝင်ဝင် မဟုတ်တောင် အကျဉ်းလောက်တော့ သိလိုက်ရပါတယ်။

တကယ့်တရားစီရင်မှုမှာ နှစ်နိုင်ငံ ရှေ့နေတွေ  လျှောက်လဲချက်ပေးမှု ဆင်‌ခြေတက်တတ်ပုံတွေကိုလည်း လေ့လာကြရပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တာတွေက ဂျီနိုဆိုက်မ မြောက်၊ မမြောက် အငြင်းပွားခဲ့ကြတယ်။ ဆင်ခြေတက်ခဲ့ကြတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းရဲ့ ဖွင့်ဆိုချက်ဟာ ကုံလုံမှု ရှိသလား။ တိကျတဲ့ဖွင့်ဆိုချက် ဖြစ်ခဲ့သလား။ စစ်ရာဇဝတ်မှုနဲ့ ဂျီနိုဆိုက်ဟာ ပါးပါးလေး ကွဲပြားနေတယ်။ ဇာလွှာပါးလေးတချပ်စာ ကွဲနေတယ်။ ဒါတွေကိုတော့ စီရင်ထုံးကို ထောက်ပြပြီး မြန်မာဘက်ရှေ့နေက ထောက်ပြခဲ့တာပါ။

ဒီမှာ ပြောစရာရှိတာက တရားခွင်ရောက်လာတဲ့ အမှုကိစ္စတို့ကို ချေပရာမှာ မူလစွဲချက်ကို ချေပကြရတာပါ။ အိုင်စီဂျေရဲ့ မူလစွဲချက်က “ကြားဖြတ်စီမံဆောင်ရွက်ခွင့်”ပါ။ ဒီတော့ ကြားဖြတ်စီမံဆောင်ရွက်ခွင့် မပြုသင့်ကြောင်းကိုပဲ မြန်မာဘက်က ချေပကြရတာပါ။ ဂမ်ဘီယာဘက်က ကြားဖြတ်စီမံဆောင်ရွက်ခွင့်ကို ဘာလို့ တောင်းဆိုသလဲ။ သူတို့ အကြောင်းပြချက်က ဂျီနိုဆိုက်ကို ကျူးလွန်ဖို့ အခြေအနေဟာ အရင်ကထက် ပိုမိုတိုးပွားလာမှာစိုးလို့ပဲလို့ ဆိုပါတယ်။ အဲဒီအတွက် အချက်အလက် သက်သေအဖြစ် ကုလသမဂ္ဂအစီရင်ခံစာ (FFM) နှစ်စောင်ကို တင်ပြတယ်။

မြန်မာဘက်က ချေပရာမှာ ကြားဖြတ်စီမံဆောင်ရွက်ခွင့် မလိုအပ်ကြောင်းကိုပဲ အဓိကထား ချေပတာ။ တဖက်က တင်ပြထားတဲ့ အချက်အလက်တွေကို မငြင်းပါဘူး။ Question of Law ဖြစ်တဲ့ ဥပဒေပိုင်းဆိုင်ရာကိုပဲ ဆင်ခြေတက် Argument တာကိုပဲ တွေ့ရပါတယ်။ ကုလသမဂ္ဂရဲ့ အချက်လက်ရှာဖွေရေး အစီရင်ခံစာ (FFM) နဲ့ ပတ်သက်ပြီး မြန်မာဘက်က ရှေ့နေ  ဝီလျံရှားဘက်ကတော့ “ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးဆိုင်ရာ အစီရင်ခံစာဟာ ၎င်းတို့ရဲ့ထင်မြင် ယူဆချက်များအပေါ် အခြေခံပြီးသာ ဂျီနိုဆိုက်ဟု တံဆိပ်ကပ်၊ စွပ်စွဲချက်ထက် မပို”လို့ ဆိုပါတယ်။

ထပ်မံတင်ပြတာက “အိုင်စီဂျေရဲ့ လုပ်ထုံးလုပ်နည်းအရ (FFM) အစီရင်ခံစာကို လက်ခံ စဉ်းစားလို့မရဘဲ တရားရုံးများ ထုံးစံအတိုင်း နှစ်ဖက်သက်သေများနှင့် လျောက်လဲချက်များကို ပြန်လှန်စစ်ဆေးသော Adversarial Court-Like Process ကိုသာ ကျင့်သုံးတယ်”လို့ လုပ်ထုံးလုပ်နည်းကို ထောက်ပြ ကန့်ကွက်တာပါ။

လျှောက်လဲချက်ပေးရာမှာ အချက်အလက် တခုချင်းကို မချေပတော့ဘဲ ရင်းမြစ်ကိုပဲ ချေဖျက်ဖို့ ကြိုးစားတာလည်း တွေ့ရပါတယ်။ ရာဇဝတ်မှုတခုမှာ သက်သေသာမက အထောက်အထား ပြည့်စုံဖို့ လိုသလို ရည်ရွယ်ချက်ရှိရှိ ပြုမူလိုတဲ့ စိတ်စေတနာပါဖို့လည်း လိုတယ်ဆိုတဲ့ အချက်ကိုလည်း တင်ပြ လျှောက်လဲခဲ့တာကိုလည်း တွေ့ရတယ်။

ဂမ်ဘီယာရဲ့ တရားလိုရှေ့နေ ခရိုက်စလာကတော့ “မြန်မာဘက်က စွဲချက် ၇ ချက်မှာ ‌နောက်ဆုံးအချက်ဖြစ်တဲ့ ‘လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပြီး အရေးယူရန် နိုင်ငံတော်က ပျက်ကွက်ခဲ့သည်’ ဆိုတဲ့အချက်ကိုသာ ငြင်းဆိုသွားတယ်”လို့ ထောက်ပြခဲ့ပါတယ်။

မြန်မာအဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ “ပြည်တွင်းမှာ လက်ရှိ လုပ်ဆောင်နေဆဲဖြစ်တဲ့ တပ်မတော်နဲ့ အရပ်သား ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ စတဲ့ ပြည်တွင်းအားထုတ်မှုတွေကို ချေဖျက်ရာရောက်ကြောင်း။ ပြည်တွင်း ဆောင်ရွက်မှု မအောင်မြင်ဘူးဆိုမှသာ နိုင်ငံတကာ တရားစီရင်ရေးက ဆောင်ရွက်နိုင်မယ့် အနေအထား ဖြစ်တယ်”လို့ လျှောက်လဲချက် ပေးခဲ့ပါတယ်။

အဆုံးသတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြဿနာ ပိုမိုကြီးထွားစေတဲ့ ဆုံးဖြတ်ချက်မျိုး မချရန်နှင့် ယင်းအမှုကို အပြီးသတ် ပယ်ဖျက်ပေးရန်တို့ကို လျှောက်လဲခဲ့ပါတယ်။ သူက “ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ပဋိပက္ခကို ပိုမိုဆိုရွားစေတဲ့ ဆောင်ရွက်ချက်တွေကို၊ ဒီတရားရုံးတော်အနေနဲ့ ရှောင်ရှားပေးရန် မေတ္တာရပ်ခံပါတယ်”လို့ လျှောက်လဲခဲ့တယ်။

ဒီအပေါ်မှာ ကျေနပ်သူတွေ၊ မကျေနပ်သူတွေ ပေါ်ထွက်လာခဲ့သလို အပြင်းအထန် ငြင်းခုံမှုတွေလည်း တွေ့ရရဲ့။ တချို့သတင်းဌာနတွေဆိုရင် ဒီလျှောက်လဲချက်တို့ဟာ နိုင်ခြေ ရှိ/မရှိတို့လည်း မိမိတို့ အလျဉ်းသင့်ရာတွေနဲ့ ဖိတ်ခေါ်မေးမြန်းခဲ့တာတွေလည်း ရှိပေါ့။ လူထုထင်မြင်ချက် (Public Opinion)ကို ဒီလိုနည်းနဲ့ တည်ဆောက်နေတာလည်း တွေ့ရရဲ့။ 

ဘယ်လိုပဲဖြစ်ဖြစ် အိုင်စီဂျေခုံရုံးကတော့ မြန်မာတို့ကို လှုပ်နှိုးလိုက်သလို နိုးကြားလာစေခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း နိုင်ငံတကာခုံရုံးအကြောင်း အသိအမြင်ရလိုက်သလို အရင်ကလို နိုင်ငံတွင်းမှာသာ ပိတ်လှောင်ပြီး အထီးတည်း ရပ်တည်လို့မရတော့ဘူးဆိုတဲ့ အသိလည်း စွဲမြဲသွားစေခဲ့ပါတယ်။ အရင်ကလို အင်အားသုံးစွဲမှုကို သတိလက်လွတ် မလုပ်ဆောင်ဖို့ သတိတရားလည်း ရနိုင်ခြေ ရှိပါတယ်။

ဖေ့စ်ဘွတ်ခ်လူမူကွန်ရက်ပေါ်မှာ ဘယ်လောက်ပင် ကွဲပြဲနေအောင် ငြင်းခုံနေကြ၊ ကွဲလွဲနေကြ။ မျိုးစုံသော ထင်မြင်ချက်တွေနဲ့ အယူစွဲသန်သန် ဟစ်အော်နေပေမယ့် အော်ကြက်အားလုံးနဲ့ ထင်မြင်ချက်အားလုံးဟာ ခုံရုံးတရားသူကြီးတွေကို လွှမ်းမိုးမသွားနိုင်ပါဘူး။ 

ခုံအဖွဲ့ဝင်လူကြီးတို့ရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးဟာ Court of Justice နဲ့Court of Law တို့ကို ဘယ်လို သဟဇာတဖြစ်အောင် စီရင်ဆုံးဖြတ်သွားမလား ဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာပါ ခင်ဗျား။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013