DVB Logo
Home
မြန်မာသတင်း
ကျားဖောင်လူပွဲစားကို အမှုဖွင့် အရေးယူခြင်း မရှိသဖြင့် ဘီးလင်းရဲစခန်းမှူး တိုင်ကြားခံရ
DVB
·
December 16, 2019
ကျားဖောင်လူပွဲစားကို အမှုဖွင့် အရေးယူခြင်း မရှိသဖြင့် ဘီးလင်းရဲစခန်းမှူး တိုင်ကြားခံရ
Donate to DVB

ပင်လယ်ကျားဖောင်လုပ်ငန်းခွင်ကို လိမ်လည်ပို့ဆောင်ခဲ့တဲ့ လူပွဲစားကို အရေးယူပေးဖို့ မွန်ပြည်နယ်၊ ဘီလင်းမြို့မရဲခန်းကို တိုင်ကြားရာမှာ  စခန်းမှူးက အမှုဖွင့်လှစ်ပေးခြင်းမရှိတဲ့အတွက် နိုင်ငံတော် အကြီးအကဲတွေထံ ပြန်လွတ်လာသူတွေက တင်ပြတိုင်ကြားထားပါတယ်။

အသက်မပြည့်သေးတဲ့လူငယ် အပါအဝင် လူ ၃ ဦးကို လူပွဲစားက ကုန်းပေါ် ငါးခြောက်ထမ်း၊ ကုန်ထမ်းအလုပ် လုပ်ကိုင်ရမယ် ပြောဆိုပြီး ရေးမြို့နယ်ရှိ ပင်လယ်ကျားဖောင်လုပ်ငန်းခွင်ကို ပို့ဆောင်ခဲ့သလို လုပ်အားခငွေတွေကိုလည်း ပွဲစားက ကြိုတင်ထုတ်ယူသွားခဲ့တယ်လို့ ကျားဖောင်ကနေ ပြန်လည်ထွက်ပြေးလာသူ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာသား ကိုဇော်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ဘီးလင်းရဲစခန်းကို သွားရောက် အကူအညီတောင်းခံခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးခြင်းမရှိတဲ့အတွက် ဘီးလင်းမြို့မရဲစခန်းမှူးကို နိုဝင်ဘာ ၂၅ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနဲ့ ရဲချုပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြတိုင်ကြားခဲ့တာပါ။

ပြန်လည်ထွက်ပြေးလာသူ ကိုဇော်ဦးက “တလနီးနီး ရဲစခန်းကို သွားပြီးတော့ ကျနော် အကူအညီတောင်းနေတာဟာဆိုရင် ဆယ်ခေါက်လောက်ရှိပါတယ်။ စခန်းမှူးကိုယ်တိုင်က ကျနော့်ကို ခေါ်ပြီးတော့ ပြောပါတယ်။ ငါတို့က ဒီတလုပ်တည်း ရှိတာမဟုတ်ဘူး”လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာရှိ ပင်လယ်ကျားဖောင်လုပ်ငန်းခွင်မှာ အသက် ၁၇ နှစ်အရွယ်လူငယ်နဲ့ အသက် ၁၉ အရွယ် လူနှစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေးအတွက် ၈၈ ကရင်မျိုးဆက်ကျောင်းသားများ လူမှုဖွံ့ဖြိုးရေးအသင်းနဲ့ ရေးမြို့၊ နယ်မြေခံသတင်းမီဒီယာသမားတွေရဲ့ အကူအညီနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။

ပြန်လွတ်လာတဲ့ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ၊ မောင်ပိုင်သူအောင်က “ကုန်းပေါ်မှာ လုပ်ရမယ်ဆိုပြီးတော့ လာတာ။ နောက်တော့ ပင်လယ်ထဲ ရောက်သွားတာ။ ကိုယ်က တခုခု သွားယူခိုင်းလို့ မသိလို့ရှိရင် အရိုက်ခံရပြန်ပြီ။ မလုပ်နိုင်ဘူးဆိုရင် သတ်ပလိုက်မယ် ဘာတို့ပြောတယ်”လို့ ပြောပါတယ်။

အလားတူ ရွှေလှေကျေးရွာ၊ မောင်နေလင်းထွန်းက “တအားပင်ပန်းတယ်။ ကျနော်တော့ အရိုက်မခံရဘူး။ ကျနော်နဲ့ပါတဲ့ ဦးကတော့ အရိုက်ခံရတယ်။ ဖောင်ဦးစီးက ရိုက်တာ။ ထင်းတုံးတွေနဲ့ထု။ ဝါးတွေနဲ့ ရိုက်တာ။ လက်မောင်းတွေဆို ဒဏ်ရာကြီးပဲ”လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင် ၉၀ ကျော်ရှိပြီး၊ လုပ်သားအင်အား ၂၅၀၀၀ နီးပါးရှိသလို ရေလုပ်သားအများစုဟာ ဧရာဝတီတိုင်းဒေသကြီးက လာရောက်လုပ်ကိုင်သူက အများစုဖြစ်ပါတယ်။

လူကုန်ကူးတာနဲ့ပတ်သက်ပြီးတော့ သတင်းအတိအကျ အချက်အလက်ရလာပြီဆိုရင် တာဝန်ရှိသူတွေက ထိရောက်စွာနဲ့ အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးက ပြောပါတယ်။ 

ရေးမြို့နယ်မှာ ၂၀၁၈ ခုနှစ်က ပင်လယ်ရေလုပ်ငန်းအတွက် လူကုန်ကူးမှု ၂ မှုဖြစ်ပွားခဲ့ပြီး၊ ၂၀၁၉ ခုနှစ်မှာ  ပင်လယ်ရေလုပ်ငန်းခွင်အတွင်း လူသတ်မှု ၇ မှုအထိရှိခဲ့ပြီး သေမှုသေခင်းအမှုတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်တာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၈၈ကရင်မျိုးဆက် ကျောင်းသား လူမှုဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးစောမောင်ကြီးကတော့ လူကုန်ကူးမှု လူပွဲစားကို လာရောက်ဖမ်းဆီးလို့ရပေမယ့် ရဲက မလုပ်ဆောင်ခဲ့ကြောင်းနဲ့ ရဲလုပ်ငန်း ကုန်စင်အောင်မလုပ်တဲ့အတွက် ဒုစရိုက်မှုတွေ ဆက်ပြီးကျူးလွန်နေတာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘီးလင်းရဲစခန်းကို ဒီဗွီဘီက သတင်းသွားရောက်ရယူရာမှာ လက်ခံမတွေ့ဆုံနိုင်ကြောင်း စခန်းမှူးက တာဝန်မှူးက တဆင့် ပြန်လည်ပြောကြားခိုင်းခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013