DVB Logo
Home
မြန်မာသတင်း
ကျောင်းထုတ်ခံရမှု မန္တလေး ဆေးတက္ကသိုလ်ကျောင်းသားများ ရှင်းလင်း
DVB
·
February 6, 2013
ကျောင်းထုတ်ခံရမှု မန္တလေး ဆေးတက္ကသိုလ်ကျောင်းသားများ ရှင်းလင်း
1 / 2
Donate to DVB

အထက်မြန်မာနိုင်ငံ မန္တလေး ဆေးတက္ကသိုလ်က ဆေးကျောင်းသား ၅၀၀ နီးပါး  ၄ နှစ်အတွင်း ကျောင်းထုတ်ခံထားရတာဟာ ဆေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ စီမံခန့်ခွဲမှု လွဲမှားတာကြောင့်လို့  အထုတ်ခံရတဲ့ ကျောင်းသားတွေက ဒီနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

[caption id="attachment_36170" align="alignright" width="150" caption="မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းဝင်း"][/caption]

ကျောင်းအာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ကျောင်းထုတ်ခံထားရတဲ့ နောက်ဆုံးနှစ် အပိုင်း (ခ) ဆေးကျောင်းသား ကိုသိန်းနိုင်ဌေးက “၂၀၀၈ ခုနှစ် ဒုတိယနှစ် 2nd MB မှာ ကျောင်းခေါ်ချိန်မပြည်တဲ့စာရင်းကို ဒုတိယနှစ်သက်တမ်းအတွက် ၂ ကြိမ်ကပ်ပါတယ်။ ဆက်ပြီးတော့ တတိယနှစ် 3rd MB အတွက် ကျောင်းခေါ်ချိန်မပြည့်တဲ့စာရင်းကို ၂ ကြိမ် ထပ်ကပ်ပါတယ်။ နောက်ဆုံးနှစ် အပိုင်း (ခ) သင်တန်းမှာ ကျောင်းခေါ်ချိန်မပြည့်မီမှု ဇယားကို ၂ ကြိမ်ကပ်တယ်၊ အောင်စာရင်းကို ၃ ကြိမ်ပြန်ပြင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အတန်းအားလုံးပေါင်းလိုက်မယ်ဆိုရင် ပြန်ပြင်မှုဟာ တနှစ်တည်းအတွက်ကို ၉ ကြိမ် ရှိပါတယ်” လို့ ပြောပါတယ်။

မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းဝင်းကတော့ ဌာနမှူး ဆရာ ဆရာမတွေဟာ တက္ကသိုလ် ကျောင်းစည်းကမ်းနဲ့အညီ ပြုလုပ်တာလို့ ပြောပါတယ်။  မန္တလေး ဆေးတက္ကသိုလ် ကျောင်းခေါ်ချိန်နဲ့ စာမေးပွဲစနစ်ကို ဒေါက်တာသန်းဝင်းက အခုလို ရှင်းပြပါတယ်။

“ကျောင်းသားတွေ အငြင်းပွားနေတာက သူတို့မှာ ဖြေကိုမဖြေလိုက်ရဘဲ ကျ၊ မကျ သတ်မှတ်ခံရတယ်ပြောပေမယ့် စဉ်းစားကြည့်လေ ပလာတာဖုတ်တာ၊ ဘယာကြော်ကြော်တာ သင်တာပဲဖြစ်ဖြစ် ၁၀ ရက်သင်တာကို ၅ ရက်မှ မလာတဲ့သူက ဘယ်လို တတ်မလဲ။ လူအသက်ကို ကုရမယ့်၊ လူအသက်ကိုင်ရမယ့် ဆေးပညာမှာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ဆိုတာ ၄ ရက်သင်ရင် ၃ ရက်တော့ လာရမယ် သတ်မှတ်တာလေ။ ဒါလည်း ကျနော်တို့ တက္ကသိုလ်က သတ်မှတ်တာ မဟုတ်ဘူး။ တကမ္ဘာလုံးက အများစုဆေးကျောင်းတွေက ကျောင်းခေါ်ချိန် အခု ၉၀ ရာခိုင်နှုန်းတောင်ဖြစ်နေပြီ။ ၁၀ ရက်မှာ ၉ ရက်တော့လာရမယ်။ အဲဒါကို မလာရင်တော့ ကျ၊ မကျ သတ်မှတ်တယ်ဆိုတာ မတတ်နိုင်ဘူး။ အခု ပြဿနာတက်တဲ့သူတွေက. ၄ ရက်ကို ၂ ရက်တောင် မလာတဲ့သူမို့လို့ ထိတာ။ စာမေးပွဲအောင်မှတ်မှာလည်း ၁၀၀ မှာ အောင်မှတ် ၅၀ ဆိုပေမယ့် ၄၀ တောင်မရသူတွေ ကျကြတာ။ ကျရင် ဆေးတက္ကသိုလ်တွေမှာ supplementary exam ဆိုတာ ၁ လခွဲနေရင် နောက်တခါဖြေခွင့်ရှိတယ်။ နောက်တခါပါ ထပ်ကျရင်တော့ ငယ်ငယ်တုန်းကလို ၈ တန်း၊ ၉ တန်းလိုပေါ့၊ နောက် ၁ နှစ် လုံးလုံးနေပြီးမှ ဖြေရတယ်။ ၃ ခါဖြေခွင့်ရှိတယ်။ ၃ ခါမှာ ကျရင်တော့ ထွက်ရပြီပေါ့။”

ဒါ့အပြင် ဆေးတက္ကသိုလ်ကျောင်းသားတွေအတွက် အစိုးရဘော်ဒါဆောင် စနစ် မရှိတဲ့အတွက် အရပ်ထဲမှာ အဆောင်တွေ တကွဲတပြားစီ ငှားနေရတဲ့အတွက် ဖြစ်တယ်လို့လည်း ဒေါက်တာ သန်းဝင်းက ထောက်ပြပြောဆိုပါတယ်။

“တစ်အချက် စိတ်မပါလို့၊ နှစ်အချက် အဆောင်စနစ်မရှိတော့တာလည်း ပါတယ်။ ကျနော်တို့ခေတ်တုန်းက အဆောင်ရှိတယ်။ ၈၈ နောက်ပိုင်း မြန်မာပြည်မှာအဆောင်စနစ်မရှိတော့ဘူး။ အဆောင်နေဘ၀ မရှိတော့လို့ အကြီးအငယ်ထိန်းကျောင်းတာ၊ နမူနာယူတာ မရှိတော့ဘူး။ နောက်တချက်က ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းရမှာလေ။ တဲ့တိုးပြောရင်တော့ ဂိမ်းဆိုင်ရောက်နေလို့။ အဓိက ကိုယ့်စိတ်ကိုယ် မထိန်းတာပေါ့။ ဟိုးခေတ်ကလို နံပါတ်ဖိုး ထိုးတာတို့ မဟုတ်တော့ပေမယ့်လည်း အဓိက ဂိမ်းဆိုင်သွားတာပေါ့။ နောက်တခုက ဘိလိယက် စနူကာတွေ ဒီမှာ ခေတ်စားတယ်လေ။ သူတို့အခေါ် ကျူခုံပေါ့ အဲကိုသွားကြတယ်။ တခြားကိစ္စတွေလည်း ရှိမှာပေါ့။ အဲဒါမျိုးကြောင့် ကျောင်းမတက်တာ။ ညအိပ်ရေးပျက်တော့ မနက်ကျောင်းမတက်ဘူး။ ကျောင်းတက်ရာခိုင်နှုန်းက  တက္ကသိုလ်ဖြတ်သန်းဖူးသူတိုင်း သိပါတယ်။ ပြည့်အောင်တက်ဖို့ ကိုယ့်တာဝန်ပေါ့။ တကယ်တတ်ချင်ရင်တော့ တက်ကိုတက်ရမှာပေါ့။ အတန်းခေါ်ချိန်က ဘာအရေးကြီးတုန်း။ ကိုယ်လုပ်မှကိုယ်တတ်မှာပေါ့။ အဲဒါကို သူတို့မှာ attitude မရှိဘူး။”

မန္တလေးဆေးတက္ကသိုလ်မှာ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ကျောင်းသားပေါင်း ၃၅၀၀ သင်ကြားနေတာလည်း ဖြစ်ပါတယ်။

ကျောင်းသားတွေဟာ ကျောင်းခေါ်ချိန်မပြည့်ရင် စာမေးပွဲ မဖြေရတဲ့အတွက် အလိုလို စာမေးပွဲကျသွားပြီး ၃ နှစ်ဆက် စာမေးပွဲကျရင် ကျောင်းကနေ ထွက်ရပါတယ်။

ဆေးတက္ကသိုလ်က စာမေးပွဲကျလို့ ထွက်ရတဲ့ ကျောင်းသားတွေဟာ အပြင် တက္ကသိုလ်တွေ တက်ခွင့်မရှိဘဲ အဝေးသင်တက္ကသိုလ် တက်ရောက်ရမှာ ဖြစ်တဲ့အတွက် နစ်နာတယ်လို့ အထုတ်ခံရတဲ့ ကျောင်းသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013