DVB Logo
Home
ကျန်းမာရေး
ရေမချိုးရေး တို့အရေး
DVB
·
December 14, 2019
ရေမချိုးရေး တို့အရေး
Donate to DVB
ဒီစာဖတ်နေတဲ့သူထဲမှာ မနက်က အေးလို့ပဲဖြစ်ဖြစ် ရုံးနောက်ကျနေလို့ပဲဖြစ်ဖြစ် ရေမချိုးလာတဲ့သူရှိလား။ ကဲ စာရေးသူနဲ့ ဘဝတူတွေရှိရင်တော့ လက်ဝါးရိုက်လိုက်ပါတော့။ ရေချိုးရတာကို မကြိုက်တဲ့သူတွေဟာ ရေမချိုးရအရေး တို့အရေးဆိုပြီး အကြောင်းရင်းတွေအမြဲရှာတတ်တယ်လေ။ ခုလို အေးအေးလေးနဲ့ ချွေးမထွက်တဲ့ ရာသီဥတုနဲ့ဆိုရင်တော့ အကြောင်းရင်း အထူးအထွေရှာစရာမလိုတော့ဘူးပေါ့နော်။ တစ်နေ့တစ်ခါ ရေချိုးရမယ်ဆိုတဲ့အတွေးကို ဘယ်သူစလိုက်မှန်းမသိပေမဲ့ တစ်နေ့ကို တစ်ခါလောက်မှ ရေမချိုးရင် ညစ်ပတ်တဲ့သူရယ်လို့ အများကပြောကြမှာပါ။ တကယ်ဆို တစ်နေ့တစ်ခါ ရေချိုးဖို့က တကယ်ရော လိုအပ်ရဲ့လား။ ပူတဲ့ရာသီဥတုမှာ ချွေးတွေနဲ့ ညစ်ပတ်သွားလို့ ရေချိုးတာကတော့ ဟုတ်ပါပြီ။ အေးနေတဲ့ချိန်ဆိုရင်ရော တစ်နေ့တစ်ကြိမ် ရေချိုးရမှာလား။ သိပ္ပံလေ့လာချက်တွေအရတော့ သင်ဟာ ရေကို လိုအပ်တာထက်ပိုချိုးနေနိုင်ပါတယ်တဲ့။ အဲ့လိုပြောလိုက်ရင် ဟင် ရေချိုးတာကောင်းတာပဲမဟုတ်ဘူးလား။ အပူကျတယ်လေ။ သန့်တယ်လေ။ ပိုးသေတယ်လေဆိုပြီး ပြန်ထောက်ပြကြမှာပါ။ ရေချိုးတာရဲ့ အကျိုးကျေးဇူးတွေကတော့ ရှိနေပြီဟုတ်တယ်။ ဒါဆိုရင် ရေချိုးတာကို လျှော့လိုက်မယ်ဆိုရင်ရော။

၁။ ဆံပင်အဆီပြန်နေတာက သင့်ဆံပင်အတွက်ကောင်းပါတယ်တဲ့။

ဘာတဲ့။ ဆံပင်ကြီး အဆီပြန်ပြီး မျက်နှာမှပြားကပ်ကပ်ကြီးဖြစ်နေတာကို ကောင်းတယ်ဟုတ်လား။ ဟုတ်ပါတယ်။ ဆံပင်ရော ဦးရေပြားမှာရောက သူ့ရဲ့ သဘာဝအဆီတွေရှိနေပါတယ်။ ခေါင်းလျှော်ရည်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သင့်ဆံပင်ရဲ့ သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး ဆံပင်ပိုကျွတ်တာ၊ ဦးရေပြားခြောက်သွေ့တာ၊ ဆံပင်တွေခြောက်လာတဲ့အတွက် ဦးရေပြားက အဆီတွေပိုထွက်လာတာ စသဖြင့် ဦးရေပြား ပြသနာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ခေါင်းကို ခဏခဏ မလျှော်ပါနဲ့။

၂။ ဆံပင်အရောင်တွေလည်း အကြာကြီးခံမယ်။

ဆံပင်အရောင် လှလှလေးတွေ ဆိုးထားပြီးတော့ ခဏခဏ ရေချိုးရင်းနဲ့ ခေါင်းကို ရေထိမယ်ဆိုရင် ဆံပင်အရောင်တွေခဏလေးနဲ့ ကျွတ်သွားပါလိမ့်မယ်။ အထူးသဖြင့် ချွတ်ဆေးနဲ့ ချွတ်ထားရတဲ့ ဆံပင်ကာလာတွေဆိုရင် ရေချိုးရေထဲမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတဲ့အခါ အရောင်တွေကို မှေးမှိန်စေပါတယ်တဲ့။ ဒါကြောင့် ရေမချိုးခြင်းဖြင့် ဆံပင်ကာလာလှလှလေးတွေကို ထိန်းသိမ်းကြမယ်လေ။

၃။ ရေအရမ်းချိုးတာဟာ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

ဘာတဲ့။ ရေချိုးတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုက ခန္ဓာကိုယ်သန့်စင်ဖို့မဟုတ်လား။ ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် တချို့သူတွေက လိုအပ်တာထက် ပိုချိုးကြတယ်။ ရေချိုးနည်းစနစ်တွေကလည်း မမှန်ကြဘူး။ လူတွေရဲ့အသားအရေရဲ့ အပေါ်ဆုံးအလွှာဟာ မာကျောတဲ့ ဆဲလ်သေတွေနဲ့ ဖွဲ့စည်းထားပြီးတော့ ကျန်းမာသန်စွမ်းတဲ့ တစ်ရှူးလွှာတွေကို ကာကွယ်ပေးထားပါတယ်။ အဲ့ဒီ အပေါ်ဆုံးလွှာကို အဆီကွန်ပေါင်းတွေက မြဲမြန်အောင် တွဲထားပါတယ်။ အဆီကွန်ပေါင်းတွေဟာ ဘယ်လို အပူချိန်မှာပဲဖြစ်ဖြစ် အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ရေချိုးတာ၊ စကရပ်နဲ့ ချေးပြောင်အောင်ဆိုပြီး ခပ်ကြမ်းကြမ်းပွတ့်တိုက်တာဟာ အရေပြားအပေါ်ဆုံးလွှာကို ပျက်စီးစေပါတယ်။ ဒါဟာ အချိန်ကြာလာရင် အရေပြားရဲ့ အစိုဓာတ်ကိုထိန်းသိမ်းပေးတဲ့ အပေါ်ယံလွှာကို ပျက်စီးသွားတဲ့အတွက် အသားအရေတွေ မွဲခြောက်လာနိုင်ပါတယ်။

၄။ လေ့လာချက်တွေအရ တစ်ပတ်ကို ရေနှစ်ကြိမ်ချိုးရင် လုံလောက်ပါတယ်တဲ့။

ဟယ် ရွံစရာကြီး အနံ့တွေထွက်လာမှာပေါ့ဆိုပြီး တွေးနေကြပြီမလား။ အနံ့ထွက်တာက တစ်ပိုင်းပေါ့နော်။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း တစ်ပတ် ၂ကြိမ်ပဲ ရေချိုးတာဟာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အကျိုးပြု သဘာဝဘက်တီရီးုယားလေးတွေကိုလည်း ထိန်းသိမ်းထားရာရောက်ပါတယ်။ ခန္ဓာကိုယ်ပြင်ပက ပိုးမွှားတွေကာကွယ်ဖို့အတွက်ကတော့ လက်ကိုတော့ သေချာဆေးရပါမယ်တဲ့နော်။

၅။ အချိန်ကုန်၊လူပင်ပန်းတာ သက်သာတယ်။

ရေချိုးရင်ကုန်မယ့် အချိန် တစ်နာရီမှာ တခြားအကျိုးရှိတာတွေ အများကြီးလုပ်လို့ရမယ်။ ပြီးတော့ ရေများများချိုးရင် လျှော်စရာ အဝတ်တွေလည်း ပိုထွက်လာမယ်။ အဲ့တော့ ရေသိပ်မချိုးတော့ အဝတ်လျှော်ရတာလည်း သက်သာမယ်။

၆။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်တယ်။

ရေရှားတဲ့ချိန်တွေဆို ရေကိုချွေတာလိုက်ရင် ပတ်ဝန်းကျင်ကိုလည်း ကူညီရာရောက်တယ်မလား။

နောက်ဆို ရေချိုးမယ်ဆိုရင် ငါတကယ်ရော ချိုးဖို့လိုနေရဲ့လား၊ တစ်နေ့တစ်ကြိမ် ချိုးရမှာမလို့ ချိုးနေတာလားဆိုပြီး ပြန်စဉ်းစားကြည့်ပါ။ တစ်ခါတစ်လေ ရေမချိုးလို့လည်း ကျန်းမာရေး မထိခိုက်နိုင်ပါဘူးနော်။

ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013