DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ကလေးသူခိုးဟု ယူဆရသူ လွတ်မြောက်နေ၍ မိဘများ စိုးရိမ်
DVB
·
December 14, 2019
မိုးညှင်းတွင် ကလေးသူခိုးဟု ယူဆရသူ လွတ်မြောက်နေ၍ မိဘများ စိုးရိမ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပင်းဟဲစံပြကျေးရွာ အထက်တန်းကျောင်းခွဲမှာ ကလေးသူခိုးလို့ ယူဆရသူ အမျိုးသားတယောက်ကို ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းက လိုက်လံ ဖမ်းဆီးခဲ့ပေမယ့် လွတ်မြောက်သွားတာကြောင့် ကျောင်းသားမိဘတွေ စိုးရိမ်နေကြပါတယ်။

နယ်ထိန်းရဲအပါ ပင်းဟဲ၊ ပင့်သာ၊ တဲကြီးကုန်းကျေးရွာတွေက လူအင်အား ၁၀၀ လောက်နဲ့  လိုက်လံရှာဖွေခဲ့ကြတာလို့ ရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက ပြောပါတယ်။

“အရင်တပတ်ကတည်းက တတိယတန်းကျောင်းသူတဦးကို ချော့ခေါ်ခဲ့တယ်၊ ကျောင်းသူက ဆရာ မိဘတွေ သင်ထားလို့ လူစိမ်းခေါ်ရင် မလိုက်ရဘူးဆိုတာ သိထားတော့ ဆရာမကို လာတိုင်တယ်၊ အဲဒီလူ ထွက်ပြေးသွားခဲ့တယ်၊ ဒီနေ့တော့ ဒုတိယတန်းက ကျောင်းသားနှစ်ယောက်က မြင်တာ ကလေးတွေကို မြင်တော့ မြောင်းထဲဝပ်လိုက်တယ်။ ကလေးတွေက ဆရာမကို တိုင်ပြီး နယ်ထိန်းခေါ်၊ ပြည်သူ့စစ်တွေ၊ ရွာသားတွေ ၁၀၀ လောက်နဲ့ ဝိုင်းရှာကြတာ မမိလိုက်ဘူး။”

ကျောင်းမှာ လုံခြုံရေး လုံလုံလောက်လောက် ချထားပေးစေချင်တယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းတာက ပြောပါတယ်။

“လောလောဆယ် ပြည်သူ့စစ်တွေကို အကူအညီတောင်းထားပါတယ်။ ကျောင်းတက် ကျောင်းဆင်းချိန်တော့ စောင့်ပေးကြပါတယ်၊ ကျန်အချိန်တော့ မရှိဘူး။ ၂ မိုင်လောက်ဝေးတဲ့ ရွာက ကလေးတွေဆို လမ်းမှာ စိတ်မချတော့ဘူး၊ ဒီကျောင်းက ရွာပြင်လယ်ကွင်းထဲ ဆိုတော့။”

အခုလို ကလေးတွေကို ချော့ခေါ်နေတဲ့ ဖြစ်စဉ်တွေကြောင့် ကလေးတွေအတွက် စိတ်ပူပြီး အသွား အပြန် ပို့နေကြိုနေရပါတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မိုးညှင်း အ.ထ.က (၁) မှ ကိုးတန်းကျောင်းသားတဦးကို အဖြူ အစိမ်းဝတ် ဆရာမဟန်ဆောင်သူတဦးက ကားပေါ် ပါးစပ်ပိတ် ဆွဲတင်နေစဉ် အမျိုးသားဦးက သွားရောက်မေးမြန်းတာကြောင့် ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်တခု ဖြစ်ခဲ့တာကြောင့် ကျောင်းသားမိဘတွေက စိုးရိမ်နေကြတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013