DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေ ဆုတ်ခွာပြီးနောက် ဖားကန့်တွင် အိမ်ဖောက်ထွင်းမှု များပြား
DVB
·
February 6, 2013
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က သူတို့ထိန်းချုပ်နယ်မြေတချို့ကို စွန့်ခွာပြီး တပ်ဆုတ်သွားတဲ့နောက် ဒေသထဲမှာ ခိုးမှုနဲ့ ဖောက်ထွင်းမှုတွေ နေ့စဉ်လို ဖြစ်ပွားနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက အစိုးရတပ်တွေက အေကိုင်အိုထိန်းချုပ်ရာ ဖားကန့်မြို့နယ် ကန်ဆီးဒေသထဲကို ၀င်လာပြီး နောက်ပိုင်း ကေအိုင်အေ ရဲ့ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ က အဲဒီနေရာကနေ ဆုတ်ခွာပေးခဲ့ပါတယ်။

မဆုတ်ခွာခင် တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တဲ့အတွက် ရွာသားတွေဟာ အိမ်ရာတွေကို စွန့်ပစ်ပြီး စစ်ဘေးရှောင်ခဲ့ကြရာမှာ လူနေအိမ်တွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေနဲ့ အိမ်မွေး တိရစ္ဆာန်တွေပါ အခိုးခံနေရတာလို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။

“သူခိုးတွေ အင်မတန် သောင်းကျန်းနေတယ်။ လူတွေက အိမ်ပစ်ယာပစ်ထွက်ပြေးသွားကြတော့၊ တချို့အိမ်တွေဆို ဟောင်းလောင်းဖွင့်ထားခဲ့တာ လူတွေကတော့ အရေးကြီးတာလောက်ပဲ ယူသွားတော့ ကျန်တဲ့ ပစ္စည်းတွေကို ခိုးဝှက်ကြတယ်။ အဲဒါတွေက ဒီမှာ နေရာတိုင်းလိုလိုဖြစ်နေတယ်။ အဓိက ကျောက်ပေါ့။ မသယ်နိုင်လို့ တချို့ထားခဲ့တာတွေကို ဖောက်ယူကြတယ်။ ကေအိုင်အေက လတ်တလောမှာ ရွှေ့ပြောင်းသွားတဲ့အနေအထားဖြစ်တော့ အုပ်ချုပ်ရေးကင်းမဲ့ဇုန်လိုဖြစ်ပြီး သောင်းကျန်းနေကြတယ်။”

ဖားကန့်ဒေသအခြေစိုက် ကေအိုင်အေ တပ်မဟာ ၂ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဒွဲကတော့ ပိုင်ရှင်မဲ့နေအိမ်က ပစ္စည်းတွေ ယူနေသူဟာ အစိုးရတပ်သားတွေ ဖြစ်နိုင်သလို ရွာသားအချင်းချင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောပါတယ်။

“ရွာနဲ့နီးစပ်တဲ့နေရာမှာ တပ်စခန်းချရင် ဘယ်ရဲဘော်မဆို၊ ကေအိုင်အေရဲဘော်ရော၊ အစိုးရတပ်မတော်ဘက်က ရဲဘော်ရော မတထောင်သားဆိုတော့ ဘယ်သူမှမထိန်းသိမ်းနိုင်ပါဘူး။ အထက်ကတော့ ကောင်းတဲ့ ညွှန်ကြားချက်ပဲပေးတယ်လေ။ သူခိုးလုပ်ပါ၊ လုပါယက်ပါ၊ သတ်ဖြတ်ပါ ဆိုတာတော့ ဘယ်သူမှမပေးပါဘူး။ ရွာနံဘေးမှာ သူတို့တပ်စခန်းချထားတယ်ဆိုတော့ လုယက်တာဖြစ်လာနိုင်တယ်လေ။ နောက် ရွာမှာ ပြည်သူလူထုမရှိတော့ ရွာကလူအချင်းချင်းလည်း ဖြစ်နိုင်တယ်။”

ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်စိုးကတော့ အစိုးရတပ်က သူတို့လုံခြုံရေးအတွက် လက်နက်ခဲယမ်းတွေ လိုက်လံရှာဖွေသိမ်းဆည်းတာ ရှိပေမယ့်  ပစ္စည်းတွေယူငင်တာတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဖားကန့်မြို့ရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ကို ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။ ဒါပေမယ့် ဒီနေရာတွေဟာ အစိုးရအုပ်ချုပ်ရေးဩဇာ သက်ရောက်မှုမရှိတဲ့ ဒေသ ဖြစ်ပါတယ်။

ဖားကန့် လုံးခင်းဒေသမှာလည်း ကျောက်တူးကုမ္ပဏီ ၈ ခုကို လွန်ခဲ့တဲ့အပတ်က မသမာသူတွေက ၀င်ရောက်ဖောက်ထွင်း ဖျက်ဆီးပြီးနောက်ပိုင်း အစိုးရတပ်ဘက်က လုံခြုံရေးတင်းကျပ်ပြီး မှော်တွေမှာ ရေမဆေးကျောက်ကောက်ခွင့်၊ ကျောက်တူးခွင့်တွေ ပိတ်ပင်ခဲ့မှုကြောင့် စားဝတ်နေရေး ကျပ်တည်းလာပြီး ဒုစရိုက်မှု ပိုများလာမှာကို မြို့ခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။

ဒုဗိုလ်မှူးကြီး ဇော်ဒွဲကတော့ ခုရက်ပိုင်းအတွင်း ကေအိုင်အေနဲ့ အစိုးရတို့ တိုက်ပွဲအရှိန်လျှော့ချရေး ဆွေးနွေးခဲ့ပေမယ့်လည်း ယုံကြည်စိတ်ချရတဲ့ အခြေအနေမရှိသေးတဲ့အတွက်  ကေအိုင်ကိုတပ်တွေ နောက်ဆုတ်ခဲ့တဲ့ နယ်မြေမှာ ပြန်ပြီးနေရာယူဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ နှစ်ဘက်ဆွေးနွေးပြီး နောက်တရက်မှာ လုံးခင်းဘက်က အစိုးရတပ်သား ၂၀၀ လောက် ကေအိုင်အေရှိရာ နန်းဆန်ဘက်ကို ထပ်တိုးလာတဲ့အတွက် ကချင်ဘက်က  ပစ်မိန့်ပေးလိုက်ရင် တိုက်ပွဲတွေ ထပ်ဖြစ်မယ့် အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013