DVB Logo
Home
မြန်မာသတင်း
HIV/AIDS ဝေဒနာရှင်များကို ခွဲခြားမဆက်ဆံကြရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တိုက်တွန်း
DVB
·
December 13, 2019
Donate to DVB

HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံတာတွေ မပြုလုပ်ဘဲ ကူညီဖေးမကြဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့တော်ခန်းမမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးအခမ်းအနားမှာ ခုလို ပြောခဲ့တာပါ။

"သူတို့တွေက ရောဂါခံစားနေရတာ သူတို့စိတ်မှာ ဘယ်လိုရှိမယ်ဆိုတာ ခင်ဗျားတို့ အားလုံးသိပြီးသား။ တချိန်ကဆို သေမယ်လို့တောင်ထင်ပြီးတော့ သေမင်းကို ထိုင်စောင့်နေကြရတာ။ သူတို့မှာ ထပ်ဆင့်ရောဂါရလာရင် ကယ်စရာမရှိတော့ပါဘူး။ ကျနော်ကိုယ်တိုင် ဒေါ်ဖြူဖြူသင်းရဲ့ HIV/AIDS ဝေဒနာရှင်တွေ ပြုစုစောင့်ရှောက်တဲ့ နေရာကို ရောက်ခဲ့တယ်။ ကျနော်လည်း အစကတော့ ဒီလူနာတွေနဲ့အတူ ထမင်းစားရမှာ၊ ရေအတူချိုးရမှာ ရွံ့တွန့်တွန့်ပဲ။ သူတို့နဲ့ အတူနေကြည့်တဲ့အခါ သူတို့ရဲ့ ပျော်ရွှင်မှုတွေမြင်ရတာ အင်မတန်မှ အားရစရာကောင်းပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံမှု မပြုကြပါနဲ့။ တွေ့လာခဲ့ရင် နှစ်သိမ့်ပညာပေးပြီးတော့ ရင်းရင်းနှီးနှီးဆက်ဆံပေးကြပါ။"

HIV/AIDS ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းတွေကို ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမဖြစ်စေရေး ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့အခမ်းအနားကို ပြုလုပ်တာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အားလုံးမှာ အသိပညာပေးဟောပြောပွဲတွေကို ပြုလုပ်နေတာပါ။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ HIV/AIDS ကူးစက်မှု အဆင့် ၄ နိုင်ငံအထိ ရောက်ရှိနေကာ လူဦးရေ ၂၃၀၀၀၀ ကျော် ရောဂါကူးစက်ခံနေရပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့လည်း ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ရန်ကုန် စတဲ့ဒေသတွေက အများဆုံးဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်းအနေနဲ့ အေအာရ်တီဆေးနဲ့ ကုသမှုခံယူနေသူ ၁၃၀၀၀ ကျော်ရှိနေပါတယ်။ 

လိင်အလုပ်သမတွေ၊ လိင်တူဆက်ဆံတာတွေထက် အများစုက မူးယစ်ဆေးအကြောထဲ ထိုးသွင်းတဲ့သူတွေမှာ အတွေ့ရများနေတယ်လို့ ဆိုပါတယ်။ 

တနိုင်ငံလုံးအနေနဲ့ နေ့စဉ် လူ အယောက် ၃၀ HIV ပိုးကူးစက်ခံနေရကာ နှစ်စဉ်သေဆုံးသူ ၇၈၀၀ လောက် ရှိပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ လူနာပေါင်း ၁၇၅၀၀၀၊ ၇၀ ရာခိုင်နှုန်းကို တသက်တာ သောက်ရမယ့် အေအာရ်တီဆေးတွေနဲ့ ကုသပေးနေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတော့လည်း HIV/AIDS ကူးစက်ပျံ့နှံ့မှု လျော့နည်းစေရေးအတွက် စီမံချက်တွေ ရေးဆွဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မုံရွာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးအခမ်းအနားကို တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်တွေ၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013