
ယူကရိန်းနိုင်ငံ၊ ဇာပိုရီရှားဒေသက ရွာနားမှာ ရုရှားတပ်တွေ သုံးခဲ့တယ်ဆိုတဲ့ မီးလောင်ပျက်စီးပြီး စွန့်ပစ်ထားတဲ့ မော်တော်ဆိုင်ကယ်တွေကို ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုကို ယူကရိန်းတပ်က ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဆိုင်ကယ်တွေဟာ အဲဒီဒေသဆီ ချီတက်ဖို့ ကြိုးစားနေတဲ့ ရုရှားတပ်ဖွဲ့တွေအပေါ် ယူကရိန်းတပ်တွေက တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲကို အမှတ်အသားပြုတယ်လို့လည်း ပြောခဲ့ပါတယ်။
နောက်ထပ် ဗီဒီယိုတွေထဲမှာ ရွာနဲ့ အနီးတဝိုက်က အဆောက်အအုံတွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးနေတာကို ပြထားပါတယ်။
ယူကရိန်းက ရေနံစက်ရုံတွေ၊ စစ်ဘက်သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံတွေကို ရေရှည်တိုက်ခိုက်တာမှာ အောင်မြင်လို့ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားမှာ အရပ်ဘက် ဓာတ်ဆီရောင်းချမှုကို ရပ်တန့်အောင် တွန်းအားပေးခဲ့ပါတယ်။
ယူကရိန်းအရှေ့မြောက်ပိုင်းက ဆူမီမြို့ကို ရုရှားက ဒရုန်းနဲ့တိုက်ခိုက်လို့ ၁၃ နှစ်အရွယ် ယောက်ျားလေးတယောက် အပါအဝင် မိသားစုဝင် ၃ ယောက် သေဆုံးခဲ့ပြီး ရုရှား စက်မှုစက်ရုံတခုကို ယူကရိန်းက တိုက်ခိုက်လို့ လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ အရာရှိတွေက တနင်္လာနေ့မှာ ပြောပါတယ်။
ရုရှားဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ချိန်ကစပြီး ယူကရိန်းရဲ့ အရပ်ဘက်နေရာတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ယူကရိန်းက ရုရှားနိုင်ငံအတွင်း ရေနံစက်ရုံတွေနဲ့ စစ်ဘက်စက်ရုံတွေကို ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ ယူကရိန်းစစ်ပွဲမှာ အရပ်သား ၁၆,၀၀၀ ကျော် သေဆုံးခဲ့တာပါ။
တိုက်ပွဲတွေကို ရပ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းချက်တွေကလည်း မအောင်မြင်သေးပါဘူး။
Source: Reuters










