DVB Logo
Home
မြန်မာသတင်း
လူမျိုးတုံးသတ်မှု တားဆီးမိန့်ထုတ်ရန် ICJ တရားရုံးတွင် ဂမ်ဘီယာ တောင်းဆို 
DVB
·
December 12, 2019
လူမျိုးတုံးသတ်မှု တားဆီးမိန့်ထုတ်ရန် ICJ တရားရုံးတွင် ဂမ်ဘီယာ တောင်းဆို 
1 / 8
Donate to DVB

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ဆက်မဖြစ်စေရေး တားဆီးပေးဖို့ အပါအဝင်  အရေးပေါ် ကြားဖြတ်အစီအမံတွေ အမြန်ဆုံးချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး  (ICJ) မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီကနေ့ ဒုတိယအကြိမ် နှုတ်နဲ့ လျှောက်လဲချက် တင်သွင်းရာ မှာ ဂမ်ဘီယာအဖွဲ့ခေါင်းဆောင် တရားရေးဝန်ကြီး အဘူဘာကာ မာရီတာဗန်ဒူးက ပန်ကြားသွားတာပါ။

“ရိုဟင်ဂျာတွေရဲ့အခြေအနေဟာ အင်မတန် အရေးကြီးနေပါပြီ။ ကုလသမဂဂ္ဂ အဖွဲ့အစည်းတွေရဲ့ တွေ့ရှိချက်များအရ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ အန္တရာယ်ရှိနေ ပါတယ်။ ဂမ်ဘီယာက မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံမဟုတ်ပေမယ့် ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာမှုကိစ္စအတွက် ဒီကိုရောက်ရှိလာတာဖြစ်တယ်”လို့ ဂမ်ဘီဘာ တရားရေးဝန်ကြီးက ပြောပါတယ်။ 

ဂမ်ဘီယာက ဦးဆောင်ပြီး အခုလိုမြန်မာနိုင်ငံကို တရားစွဲဆို ဖြေရှင်းနေတာကို အိုအိုင်စီ အဖွဲ့ဝင် ၅၆ နိုင်ငံသာမက ကနေဒါအပါအဝင် အနောက်နိုင်ငံတွေကလည်း ထောက်ခံကြိုဆို ကြတယ် လို့လည်း ပြောသွားပါတယ်။

မြန်မာဘက်က မနေ့က လျှောက်လဲချက်တွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာရှေ့နေတွေက တရားရုံးမှာဒီကနေ့ထွက်ဆိုကြရာမှာ အိုအိုင်စီက ဂမ်ဘီယာကို ငွေကြေးထောက်ပံ့တာ မရှိတဲ့ အကြောင်း၊  အိုအိုင်စီရဲ့ညွှန်ကြားချက်နဲ့ ဂမ်ဘီယာက တရားစွဲတာ မဟုတ်ကြောင်း၊ ဒီလို တရားစွဲအောင် တိုက်တွန်းတယ်ဆိုတာလည်း သက်သေမရှိတဲ့ အကြောင်းနဲ့  ကုလအဖွဲ့ဝင်နိုင်ငံ အဖြစ် ဂမ်ဘီယာ တရားရေးဝန်ကြီးက ညွန်ကြားချက်လုပ်လာတာဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်တွေက အသံတိတ်နေပြီး ပြည်တွင်းရေးကိစ္စလို့ပဲ ပြောသွားကြောင်း၊ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေ အပေါ် ကြောက်စရာကောင်းတဲ့ လိင်အကြမ်းဖက်မှု ကိစ္စတွေကို ထည့်သွင်းပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မွေးဖွားတဲ့သူတွေ မွေးစာရင်းရဖို့ခက်ခဲပြီး ရိုဟင်ဂျာကို လူသားဆိုတာ အသိမှတ်ပြုပြီး နိုင်ငံသားဆိုတာ အသိမှတ်မပြုကြောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာဘက်က လျှောက်လဲချက်မှာ လူ ၁၀၀၀၀ သေဆုံးတာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူးလို့ ပြောခဲ့ပြီး ဂျီနိုဆိုက်က အရေအတွက်နဲ့မဆိုင်ဘဲ အုပ်စုတခုကို ဖျက်ဆီးတာဟာ  အကျုံးဝင်တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံတဲ့ အစီအစဉ်တွေ ဆောင်ရွက်နေတာဟာ  ဘယ်လိုလုပ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်မှာလဲလို့ မြန်မာဘက်က မနေ့က ပြောသွားတာ ရှိပါတယ်။ လူအုပ်လိုက်ကျင်းလိုက်မောင်းထုတ်တဲ့ကိစ္စက ဂျီနိုဆိုက်ဖြစ်ပါတယ်။  ဒီရာဇဝတ်မှုတွေထဲမှာ လူအုပ်လိုက်ကျင်းလိုက်မောင်းထုတ်ခြင်းကို ဂျီနိုဆိုက်အနေနဲ့ သတ်မှတ်ထားပါတယ်။ လူမျိုးစုအလိုက် ရှင်းလင်းတာနဲ့ ရာဇဝတ်မှုတွေဟာ ဂျီနိုဆိုက်ဖြစ်တယ်လို့ ဂမ်ဘီယာ ရှေ့နေက လျှောက်လဲ သွားပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ရွာတွေကို ဖျက်ဆီးတာတွေ၊ ဘူဒိုဇာမြေတူးစက်နဲ့ ဖျက်တဲ့ကိစ္စတွေကို  စုံစမ်းစစ်ဆေးတာတွေ လုပ်ချင်တဲ့စိတ်မရှိဘူး၊ ဂျီနိုဆိုက်မဖြစ်အောင် ကာကွယ်ဖို့အတွက် ပျက်ကွက်ခဲ့တယ်လို့လည်း ဂမ်ဘီယာဘက်က စွပ်စွဲပြောသွားပါတယ်။

ဂမ်ဘီယာ ကိုယ်စားလှယ်တွေရဲ့ လျှောက်လဲချက်အပြီး ဒီကနေ့ ညပိုင်းမှာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က  နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒုတိယအကြိမ် နှုတ်နဲ့ ပြန်လည် လျှောက်လဲချက်တင်သွင်းကြမှာ ဖြစ်ပါတယ်။ 

ဒီလို နှစ်ဖက်လျှောက်လဲချက်တင်သွင်းတဲ့နေ့မှာ နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ တရားရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေက ဆန္ဒဖော်ထုတ်နေကြပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013