DVB Logo
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ်နှင့် အစိုးရ၀န်ကြီးများ ကချင်ဒုက္ခသည်စခန်းများကို သွားရောက်
DVB
·
February 5, 2013
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေနမ်ဘီးယားနဲ့ အစိုးရ၀န်ကြီးတွေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို သွားရောက်ပြီး စစ်ရှောင် ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့မနက်က မြစ်ကြီးနားမြို့ကို ဗီဂျေနမ်းဘီးယားနဲ့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးစိုးသိမ်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့နဲ့အတူ အထူးလေယာဉ်နဲ့ ရောက်ရှိလာတာပါ။

မြစ်ကြီးနားနဲ့ ၀ိုင်းမော်ဒေသမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်စခန်းတွေကို တွေ့ဆုံခဲ့ပြီး ဒုက္ခသည်တွေကို လူသားချင်းစာနာမှု ကူညီပေးရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ မြို့ခံအာဏာပိုင်တွေ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ မြစ်ကြီးနား ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင်  ဦးဆန်းအောင်က ပြောပါတယ်။

“မြစ်ကြီးနားမြို့ ဂျာမိုင်ကုန်းရပ်ကွက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၁ ခုကို သွားတယ်။ ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားတယ်။ မိုင်းလားမြို့နယ်မှာရှိတဲ့ ကက်သလစ်ခရစ်ယာန်ကျောင်းက ဒုက္ခသည်စခန်း အားလုံးပေါင်း ၄ ခု။ နေ့လယ် ၁ နာရီလောက် မြို့တော်ခန်းမမှာ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖတွေနဲ့ အကုန်တွေ့ဆုံဆွေးနွေးတယ်။ အစိုးရဘက်ရော၊ အလှူရှင်ဘက်ရော၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေရော ပူးပေါင်းပြီး အချင်းချင်း ဟိုဘက်အကြောင်းကြား၊ ဒီဘက်အကြောင်းကြားပြီးမှ လုပ်ရမယ့် အပိုင်းတွေပါ။ စစ်ရေးအခြေအနေ ငြိမ်သွားတာနဲ့အမျှ လူသားချင်းစာနာမှု အထောက်အပံ့တွေကို တောက်လျှောက်လုပ်သွားမယ်။ မိုးတွင်းမတိုင်မီ အလျင်အမြန်လုပ်သွားမယ်လို့ ပြောပါတယ်။”

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကတော့  နိုင်ငံတော်သမ္မတက နိုင်ငံတကာအဖွဲ့အစည်းတွေကို  ကချင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးခွင့်ပြုထားပြီဖြစ်တယ်လို့ ပြောကြားခဲ့ တယ်လို့ ဆိုပါတယ်။

အစိုးရပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်ကတော့  ကချင်ဒုက္ခသည်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီပေးဖို့ကိစ္စ   သမ္မတက အရင်ကတည်းက  ပြောထားပြီးဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အစကတည်းက သမ္မတကြီးက ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီဖို့ဆိုပြီးတော့ ပြောထားပြီးသားပါ။ တချို့နေရာတွေမှာသာ လုံခြုံရေးကိစ္စတွေရှိလို့ မသွားနိုင်သေးတာ။ အရင်တုန်းကလည်း ပေးထားပြီးသား။ ခုဒါကို ထပ်ပြီးတော့ ပိုပြီး ဆက်လုပ်မယ်ဆိုတာ ထပ်ပြောတဲ့သဘောပါ။ နံပါတ် ၁ က နိုင်ငံတကာအဖွဲ့အစည်းတွေသွားတဲ့အခါမှာ သူတို့အတွက် လုံခြုံမှုကိုတော့ ကျနော်တို့က တာဝန်ယူပေးရမှာပေါ့။ အရင်တုန်းကလည်း ဒီကိစ္စပဲ ပြောနေတာ။ အခုလည်း လုံခြုံရေးကိစ္စပဲ ညှိဖို့ ထပ်ပြောတာပါ။”

မနေ့က တရုတ်အစိုးရရဲ့ ကမကထပြုလုပ်မှုနဲ့ ရွှေလီမှာ အစိုးရနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေ ဆွေးနွေးပွဲအပြီး နောက် ၁ ရက်မှာ အခုလို  ကုလသမဂ္ဂကိုယ်စားလှယ်နဲ့ အစိုးရ၀န်ကြီးတွေ မြစ်ကြီးနားမြို့ကို ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013