DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် ပစ်ခတ်ခံရသဖြင့် အမျိုးသမီး ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦးသေဆုံး 
DVB
·
December 12, 2019
မင်းပြားမြို့နယ်တွင် ပစ်ခတ်ခံရသဖြင့် အမျိုးသမီး ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦးသေဆုံး 
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာကို တပ်မတော် စစ်ကြောင်းက ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်က ဝင်ရောက်လာကာ သေနတ်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ ကျေးရွာအုပ်ချုပ်ရေးမှူး တ ဦး နှိပ်စက်ခံရလို့ သေဆုံးသွားတယ်လို့ နယ်ခံလွှတ်တော်အမတ်နဲ့ မိသားစုတွေကပြောပါတယ်။

သေဆုံးသွားသူတွေဟာ စိတ္တရကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း ၄၂ နှစ်နဲ့ ၃၉ နှစ်အရွယ်ရှိတဲ့ စိတ္တရကျေးရွာက ဒေါ်ဖြူဖြူဝင်းတို့ဖြစ်ကြပါတယ်။ 

ပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က”အဲ့ဒီရွာကို တပ်မတော်က စစ်သားတွေဝင်လာတယ်။ ပြီးတော့ ပစ်ခတ်မှုတွေလုပ်တယ်။ အဲ့ဒီမှာ စစ်သားတွေပစ်လိုက်တာ တယောက်သေတယ်။ နောက်တယောက်ကေတာ့ သေနတ်ပေါင်တွေနဲ့ ထုသတ်ခံရလို့သေသွားတယ်လို့အဲ့ လိုကြားထားတယ်။ ဒါကို မြို့နယ်အုပ် ချုပ်ရေးမှူးကို အလောင်းသယ်ဖို့ ပြောဆိုထားတယ်။ သေဆုံးသွားတဲ့သူတွေသေမှုသေခင်းလုပ်ဖို့အတွက် အလောင်းကိုခွဲစိတ်ရမှာပဲလေ”လို့ပြောပါတယ်။

လတ်တလော သေဆုံးသူနှစ်ယောက်ရဲ့ အလောင်းတွေကို  သူတို့သူသေဆုံးနေတဲ့ နေရာမှာပဲ ဆက်လက်ထားရှိပြီး မြို့နယ်အုပ်ချုပ်ရေမှူးရဲ့ ခွင့်ပြုချက်ရမှ ဘာဆက်လုပ်မယ်ဆိုတာပြောလို့ရမယ်လို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့  ညီအရင်းဖြစ်သူ ကိုအောင်ဘသိန်းက ပြောပါတယ်။

“မြန်မာစစ်တပ်က စစ်သားခန့်မှန်းချေ ၁၀၀ လောက်ရှိမယ်။ တပ်ခွဲလို့ ရွာကိုဝင်လာတယ်။ ခါတိုင်းဆိုရင်စစ်သားတွေကရွာကို စုလို့ပဲဝင်တယ်။ ပထမဝင်လာတဲ့အဖွဲ့ကလမ်းအတိုင်း အိမ်က လူတွေကို နိုးတယ်။ ပြီးတော့ လူတွေကို စစ်တယ်။ ကျနော့်အစ်ကိုအိမ်အနားရောက်တော့ သေနတ်တွေနဲ့လှမ်းပစ်တယ်။ ဘာမှမပြောမဆိုဘဲနဲ့ သေနတ်တွေနဲ့လှမ်းပစ်တာ၊ ပြီးတော့ တရွာလုံးကို လှမ်းပစ်တယ်။ တံခါးမပိတ်ဘဲအိပ်နေတဲ့ ကလေးအမေတယောက်က သေနတ်ထိပြီးသေတယ်။ ရင်အုံတည့်တည့်ကျတယ်။ ကျနော့်အစ်ကို ကို စစ်သား နှစ်ယောက်က သေနတ်ဒင်တွေနဲ့ မသေမချင်း ရိုက်သတ်လိုက်တယ်။ ခေါင်းကို သေနတ်ဒင်နဲ့ ထုလိုက်တာ။ နောက်စစ်သား တယောက်က ရပ်ကြည့်နေတယ်။ အဲ့ဒီမှာ အစ်ကိုသေသွားတယ်။”

တပ်မတော်စစ်သားတွေက ရွာအတွင်းပစ်ခတ်မှုတွေလုပ်ခဲ့ပြီးနောက်မှာ စိတ္တရာကျေးရွာက ကျေးရွာသား ၈ ယောက်ခေါ်ဆောင် သွားခဲ့ပြီး အဲ့ဒီထဲမှာ ကျည်ထိဒဏ်ရာရရှိထားတဲ့ လူတယောက်ပါသွားတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုတွေက ပြောဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ မိသားစုဝင်တဦးက “ကျနော်ရွာကို အဲ့ဒီစစ်သားတွေ သေနတ်တွေနဲ့ ပစ်ခတ်မှုလုပ်ပြီး ထွက်သွားကြတယ်။ ရွာကဖမ်းသွားတာအကုန်လုံး ၈ ယောက်ရှိ တယ်။ သူတို့ကို ကျနော်တို့ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ မင်းပုန်းတောင်ဆိုတဲ့နေရာကို ခေါ်သွားတာ။ ဖမ်းသွားတဲ့ သူတွေထဲမှာလည်း ကျည်ထိလို့တယောက်ပါသွားတယ်။ ဒီကမိသားစုတွေက ဘယ်ကိုဆက်သွယ်လို့ဆက်သွယ်ရမှန်း မသိဘူးဖြစ်တယ်”လို့ပြောပါတယ်။

သေဆုံးသွားတဲ့အလောင်းတွေကို မင်းပြားဆေးရုံကို ပို့ဆောင်ဖို့ ပြင်ဆင်နေပေမယ့် ရွာမှာဒီနေ့သင်္ဂြိုဟ်ဖို့ ဖိအားပေးမှုတွေရှိတယ်လို့ စိတ္တရကျေးရွာသားတွေကပြောဆိုပါတယ်။

စိတ္တရကျေးရွာက ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်း ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်ရာမှာသူအနေနဲ့ ခရီးထွက်နေတာ တပတ်လောက်ရှိနေပြီးဖြစ်တာကြောင့် အဲ့ဒါတွေအဆက်အသွယ်ပြတ်နေလို့ အတိအကျမသိဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။

ဒါ့အပြင် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့က တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ခဲ့ ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013