DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ် ကော်မရှင်ဖွဲ့ရန် အမျိုးသားလွှတ်တော် ဆုံးဖြတ်
DVB
·
February 5, 2013
ဧရာဝတီမြစ် ကော်မရှင်ဖွဲ့ရန် အမျိုးသားလွှတ်တော် ဆုံးဖြတ်
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ဧရာဝတီမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်တဲ့  ဧရာဝတီမြစ်ကော်မရှင်တရပ်ဖွဲ့ဖို့   ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အစိုးရ၀န်ကြီးဌာနတွေနဲ့ ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေ အားလုံးပါဝင်နိုင်မယ့် ဧရာဝတီမြစ်ကော်မရှင်ဖွဲ့ဖို့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ က အမျိုးသားလွှတ်တော်အမတ် ဦးမျိုးမြင့်က အဆိုတင်သွင်းခဲ့တာပါ။

အဆိုရှင် ဦးမျိုးမြင့်က “ကျနော်နားလည်ထားတာ ၀န်ကြီးဌာနက ၁၁ ခုလောက်ရယ်၊ ပြည်နယ်တိုင်း ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့ အားလုံး ညှိနှိုင်းပေါင်းစပ်ပြီးတော့ မြစ်ကြီးနဲ့ မြစ်လက်တက်၊ ချောင်းတွေကို ၀ိုင်းဝန်းထိန်းသိမ်း ညှိနှိုင်းပေါင်းစပ်ပြီး ကော်မရှင်တရပ်ဖွဲ့စည်း လုပ်ဆောင်မယ်ဆိုရင် မဲခေါင်ကော်မရှင်တို့လိုပဲ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်တာပါ။”

လွှတ်တော်ကအတည်ပြုလိုက်ပြီဖြစ်လို့ အစိုးရအဖွဲ့က ဧရာဝတီကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကလည်း ဧရာဝတီမြစ်ရဲ့ လက်ရှိအနေအထားကို ခုလို ပြောပါတယ်။

“အနောက်နိုင်ငံက မြစ်တွေနဲ့ မြန်မာနိုင်ငံက ဧရာဝတီမြစ် အနေအထားတော်တော်ကွာတယ်။ အနောက်နိုင်ငံက မြစ်တွေက မြစ်ကြောင်းထိန်းသိမ်းရေး သေချာလုပ်တယ်။ စီးဆင်းမှုရှိတယ်။ ဒီမှာက မြစ်ကြောင်းထိန်းသိမ်းရေးလည်း မလုပ်တော့ မြစ်က သောင်ထွန်းပြီး တနံတလျား မြစ်ပျောက်နေပြီ။ ရေကလည်း ဒူးလောက် ပေါင်လောက်ပဲ အခြေအနေ အဲလောက်ဖြစ်နေပါပြီ။ ဘာလို့ဒီလိုဖြစ်လဲဆိုတော့ သစ်တောတွေ ခုတ်တယ်။ သတ္တုတူးဖော်ရေးတွေလုပ်တယ်။ မြေစာတွေပုံတယ်။ စက်ရုံအလုပ်ရုံက အညစ်အကြေးတွေလည်း၊ ထိန်းသိမ်းတဲ့သူက နည်းတာမဟုတ်ဘူး။ ရှိကိုမရှိတာ။”

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူ မြန်မာ Ecodev အဖွဲ့ဝင် ဦးဝင်းမျိုးသူက အခုလို ဧရာဝတီမြစ်ကော်မရှင်ဖွဲ့ဖို့ လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။

“ဧရာဝတီကို ထိန်းသိမ်းဖို့ဆိုတာ တဦးတဖွဲ့တည်းနဲ့ လုပ်လို့မရဘူး။ နိုင်ငံတော်အဖွဲ့အစည်းတွေရော၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေရော ပူးပေါင်းဆောင်ရွက်မှ ရမယ်။ အခုက သက်ဆိုင်ရာ ပြည်နယ်နဲ့အစိုးရတွေက ကိုယ့်ဖွံ့ဖြိုးရေးစီမံကိန်းတွေ ကိုယ့်လုပ်နေကြတော့ တခုနဲ့တခု overlapping ဖြစ်နေတာတွေ၊ ပြဿနာဖြစ်နိုင်တဲ့ အနေအထားလေးတွေ တွေ့နေရတယ်။ ကော်မရှင်ရှိခြင်းအားဖြင့် ဒါတွေကို ရှင်းနိုင်မယ်။ ကျနော်တို့အခေါ်တော့ Horizontal နဲ့ Vertical Coordination ပေါ့။ ဖြစ်နိုင်မယ်ဆိုရင် မြစ်ကြီးတခုလုံးအနေနဲ့ ပိုကောင်းတဲ့ စီမံခန့်ခွဲမှုရနိုင်မယ် မျှော်လင့်တယ်။ ဒါပေမယ့် ဒီအပေါ် နားလည်တတ်ကျွမ်းပြီး စိတ်ဝင်စားသူတွေပါဖို့လိုတယ်။ အနည်းဆုံး လွှတ်တော်က စိတ်ဝင်စားတယ်ဆိုတော့ ၀မ်းသာပါတယ်။ အချိန်မီလောက်လားဆိုတော့ မြစ်ကတော့ ချောင်းဆိုးရင်ကြပ်ပန်းနာတော့ ဖြစ်နေပြီ။ ဒါကတော့ ကုသင့်သလောက်တော့ ကုရမှာပေါ့။”

ဧရာဝတီမြစ်ဟာ  မြန်မာနိုင်ငံရဲ့ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားပြီး၊  မြစ်ဝှမ်းအကျယ် စတုရန်း ကီလိုမီတာ ၄ သိန်းကျော်၊ မြစ်ကြောင်းအလျား ကီလိုမီတာ ၂ ထောင်ကျော် ရှည်လျားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013