DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံမြို့တွင် မိုးသီးဒဏ်ကြောင့် အိမ်ခြေရာနှင့်ချီ ပျက်စီး
DVB
·
February 5, 2013
ကျိုင်းတုံမြို့တွင် မိုးသီးဒဏ်ကြောင့် အိမ်ခြေရာနှင့်ချီ ပျက်စီး
1 / 3
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက  မိုးသည်းထန်ပြီး အရွယ်အစား ကြီးမားတဲ့မိုးသီးတွေ မကြုံစဖူး ကြွေကျတဲ့ ဒဏ်ကြောင့်  လူနေအိမ်တွေ ရာနဲ့ချီ ပျက်စီးသွားတဲ့အတွက်  မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက အကူအညီပေးဖို့ ပြင်ဆင်နေပါတယ်။

ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးရုံးရဲ့ လတ်တလော ကောက်ခံရရှိထားတဲ့ စာရင်းအရ မိုးသီးကြွေကျတဲ့ဒဏ်ကြောင့်  ကတ်တောဝ်၊ ကတ်ဆောင်းနဲ့ ကတ်ထိုက် စတဲ့ ကျေးရွာအုပ်စုထဲက ရွာပေါင်း ၆ ရွာမှာ အိမ်ခေါင်မိုးပျက်စီးသွားတဲ့ အိမ်ခြေ စုစုပေါင်း ၃၀၀ ကျော်၊ ၄၀၀ နီးပါးရှိတယ်လို့ ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_36124" align="alignright" width="150" caption="ဓာတ်ပုံ - စိုင်းခမ်းကျောဝ် (ကျိုင်းတုံ)"][/caption]

“ဒီနေ့ အုပ်ချုပ်ရေးမှူးတွေ စုစည်းပြီး အပျက်အစီး စာရင်းပြုစုနေပါတယ်။ တချို့လည်း ပမာဏနည်းတယ်၊ တချို့လည်း ပမာဏများတယ်။ စာရင်းတော့ မစုံသေးဘူး။ လောလောဆယ် သိရတာတော့ ၃၀၀-၄၀၀ လောက် အနည်းဆုံးရှိမယ်။ လူ၊ တိရစ္ဆာန်ထိခိုက်တာတော့မရှိပါဘူး။ အိမ်ကလည်း တအိမ်လုံးပျက်သွားတာတော့ မဟုတ်ဘူး။ အုတ်ကြွပ်မိုး၊ သွပ်မိုးပေါက်သွားတာပေါ့။”

မြို့နယ်ရုံးက တာဝန်ရှိသူတွေဟာ မိုးသီးဒဏ်ခံခဲ့ရတဲ့ ကျေးရွာတချို့ကို ကွင်းဆင်းပြီး ပျက်စီးစာရင်းတွေ ကောက်ခံနေဆဲ ဖြစ်ပြီး အပျက်အစီးစာရင်း အပြည့်အစုံ သိရဖို့တော့ နောက်ထပ် ၃ - ၄ ရက်ကြာဦးမယ်လို့ ဆိုပါတယ်။

နေအိမ်တွေပျက်စီးသွားတဲ့  ကျိုင်းတုံဒေသခံတွေကို အစိုးရပိုင်းကရော ဒေသခံအဖွဲ့အစည်းတွေကပါ နေအိမ်တွေ အမိုးပြန်မိုးနိုင်ရေး အကူအညီပေးဖို့ စီစဉ်နေကြပါတယ်။

ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့  မနေ့က ကတ်ဆောင်းကျေးရွာ အုပ်စုထဲက ရွာပေါင်း ၃ ရွာကို သွားရောက် ကြည့်ရှုခဲ့ပြီး အဲဒီရွာတွေအတွက် အိမ်မိုးနဲ့ အုတ်ကျွတ်ပြား ၄ ထောင် လှူမယ်လို့ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောပါတယ်။

“အိမ်ခြေ ၄၀၀ ကျော်လောက် ကတ်ထိုက်အုပ်စုနဲ့ ကတ်တောဝ်အုပ်စုမှာ နည်းနည်းပျက်စီးတယ်။ ကျနော်တို့အန်အယ်လ်ဒီကနေ ဒီနေ့ အလှူရှင်တွေဆီကလိုက်ကောက်ပြီး မနက်ဖြန်ကို လိုအပ်တဲ့ အုတ်ကြွပ်တွေ သွားလှူဖို့ရှိပါတယ်။ အုတ် အချပ်ရေ ၄ ထောင် လောက် လှူဖို့ရှိတယ်။ ၃၀၀ လောက်တော့ သွားလှူနိုင်ပါလိမ့်မယ်။”

ကျိုင်းတုံရှမ်းစာပေယဉ်ကျေးမှုအသင်းရဲ့ ဗဟိုကော်မတီဝင် ဦးစိုင်းလုံကတော့ ရွာပေါင်း ၂၀ ကျော် မိုးသီးဒဏ်ခံခဲ့ရတဲ့အကြောင်းနဲ့ ဒီနေ့မနက်က ရွာဘုန်းကြီးကျောင်းအပါအ၀င် ရွာလုံးကျွတ် အမိုးတွေ ပေါက်ထွက်သွားတဲ့ ကတ်ထိုက် ကျေးရွာအုပ်စု ၀မ်ဟေ့ရွာသားတွေရောက်လာပြီး အုတ်ကြွပ်ပြားနဲ့ စားနပ်ရိက္ခာတချို့ အကူအညီ တောင်းခဲ့ကြတယ်လို့ ပြောပါတယ်။

လောလောဆယ် ကူညီထောက်ပံ့ရေးတွေ ဆောင်ရွက်ဖို့ ရှမ်းစာပေယဉ်ကျေးမှုအသင်း၊ ရှမ်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ ကျားခေါင်းပါတီနဲ့ ကျားဖြူပါတီတွေ တိုင်ပင်ညှိနှိုင်းနေပြီး  သီးနှံစိုက်ခင်း တော်တော်များများ ပျက်စီးသွားတဲ့အတွက်လည်း ရိက္ခာ အခက်အခဲရှိနိုင်တယ်လို့ ဦးစိုင်းလုံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေက ကျိုင်းတုံမြို့နယ်ထဲမှာ မိုးသည်းထန်ပြီး ကြီးမားတဲ့ မိုးသီးတွေပါ ကြွေကျလာတာကြာင့် ကျိုင်းတုံမြို့အရှေ့ဘက်နဲ့ မြောက်ဘက် ၇ မိုင်အကွာ နမ့်ခွန်ချောင်း အရှေ့ဘက်တလျှောက်မှာ ရှိတဲ့ ကျေးရွာတွေ မိုးသီးဒဏ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အလားတူ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်ရှိ မယ်ဆိုင်၊ ဖယောဝ်း၊ ကျိန်းဆဲန်၊ မယ်ဖလုန်မြို့နယ်နဲ့ လမ်းပန်းခရိုင်တွေမှာလည်း ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်ပြီး ကြက်ဥ အရွယ်အစားရှိတဲ့ မိုးသီးတွေပါ ကြွေကျခဲ့တယ်။ မိုးသီးနဲ့ လေပြင်းတွေကြောင့် လမ်းပန်းခရိုင် ဆလိုမ်ငမ်းမြို့နယ် ကျေးရွာအုပ်စု ၁၀ စုကျော်က အိမ်ခြေ ၁ ထောင်လောက် ပျက်စီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013