DVB Logo
Home
မြန်မာသတင်း
လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
DVB
·
December 11, 2019
လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ  မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကတရား စွဲထားတဲ့ အမှုအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၁ ရက်နေ့ ဒီကနေ့  သည်ဟိတ်ဂ်မြို့ တရားရုံးမှာ ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲချက် ပေးသွားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ကိစ္စတွေကို ဂျူးလူမျိုး ၆ သန်းကျော် အသတ်ခံရတဲ့ ကိစ္စ၊  ဘော့စနီးယားဖြစ်စဉ်တွေနဲ့ လွဲမှားစွာဖော်ပြနေကြတဲ့အကြောင်း၊ ရခိုင်အနေအထားဟာ ရှုပ်ထွေးပြီး သေချာတာကတော့ အပြစ်မဲ့တဲ့သူတွေ ခံစားကြရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ပြောသွားပါတယ်။  

မနေ့က ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်တွေထဲမှာ လတ်တလော ရခိုင်ပြည်နယ်မှာ အေအေနဲ့ မြန်မာတပ်မတော်တိုက်ပွဲတွေဖြစ်ပွားနေပြီး အရပ်သားတွေ သေကျေနေရတဲ့ ကိစ္စကိုတော့ ထည့်သွင်းပြောဆိုသွားခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က  ပြောပါတယ်။  

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အာဆာ အင်အား ၄၀၀ လောက်က နယ်ခြားစောင့်  ရဲစခန်းတွေကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာက စတင်ခဲ့တာဖြစ်ပြီး အာဆာတွေက သံသယရှိတဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြောင်း၊ အာဆာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နေရာ ၁၂ နေရာမှာ ရှင်းလင်းခဲ့ရကြောင်း၊ အာဆာတွေ ဝိုင်းရံထားလို့ ရဟတ်ယာဉ်တွေ သုံးခဲ့ရတာတွေရှိပြီး တိုက်ခိုက်ရေးသမားမဟုတ်တဲ့သူတွေ အရပ်သားတွေ သေကောင်းသေနိုင်ကြောင်း၊ အာဆာနဲ့ အရပ်သားတွေကြား ခွဲခြားလို့မရခဲ့တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကလည်း ရာဇဝတ်မှုအနေအထားမျိုး ဖြစ်ခဲ့ပြီး၊ ရှုပ်ထွေးခဲ့တယ်၊ ဒီလိုအနေအထားကြောင့် လူမျိုးတုံးသတ်ဖြတ်မှုလို့ ကောက်ချက်ချလို့ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂူတာပြင်ကိစ္စမှာလည်း စစ်ခုံးရုံးနဲ့ အရေးယူမှာဖြစ်သလို နိုင်ငံတကာက ကုလအမှုထမ်းဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ တခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေအရ အရေးယူသွားဖို့ရှိပြီး  ကော်မရှင်က မျက်မြင်သက်သေ ၁၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အင်းဒင်ဖြစ်စဉ်မှာ တရားမျှတမှုရရှိဖို့အတွက် အရာရှိ ၄ ယောက်၊ စစ်သား ၃ ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်။ နောက်ပိုင်း စစ်ဘက်က ပြန်လွှတ်ပေးခဲ့တဲ့ အပေါ်မှာလည်း မြန်မာပြည်သူပြည်သူတော်တော်များများ မနှစ်သက်ခဲ့ကြဘူးလို့ ပြောပါတယ်။

မြန်မာအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို သည်းခံဖို့မရှိတဲ့အကြောင်းနဲ့  မြန်မာလုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ပါက စစ်ဥပဒေအရ အရေးယူခံရမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြည်တွင်း လက်နက်ကိုင်ပြဿနာနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရပြီး လက်ရှိမှာလည်း ရက္ခိုင်တပ်မတော်အေအေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်၊ အခုဆိုရင် ပလက်ဝ ဘက်မှာ  လက်နက်ကိုင် အင်အား ၄၀၀ လောက်နဲ့ရင်ဆိုင်နေရတယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေပြီး မယုံကြည်မှုတွေ၊ သံသယဖြစ်မှုတွေ လူ့အသိုင်းအဝိုင်းမှာဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ကတော့ တရားလို ဂမ်ဘီယာနိုင်ငံက တရားရေးဝန်ကြီး အဘူဘာကာ ဦးဆောင်တဲ့အဖွဲ့က ပထမအကြိမ်   နှုတ်နဲ့လျှောက်လဲချက်ပေးသွားခဲ့ရာမှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ စွပ်စွဲ ပြောသွားပါတယ်။ 

 မနက်ဖြန်မှာတော့  မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံ ရှေ့နေတွေ အပြန်အလှန် လျှောက်လဲကြမှာ ဖြစ်ပါတယ်။ 

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံအားပေးတဲ့အနေနဲ့   မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေက လာရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေက  သည်ဟိတ်ဂ်မြို့ရှိ အိုင်စီဂျေ တရားရုံး အပြင်ဘက်မှာ လာရောက် စုရုံးခဲ့ကြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013