DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် အန်အယ်လ်ဒီညီလာခံက ခေါင်းဆောင်သစ်များ ရွေးချယ်
DVB
·
February 5, 2013
ကရင်ပြည်နယ် အန်အယ်လ်ဒီညီလာခံက ခေါင်းဆောင်သစ်များ ရွေးချယ်
Donate to DVB

အရပ်သားအစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ကရင်ပြည်နယ်လုံးဆိုင်ရာ ညီလာခံကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီနေ့ မနက်က ကျင်းပပြီး  ပြည်နယ်ခေါင်းဆောင်သစ်တွေ ရွေးချယ်လိုက်ပါတယ်။

ကရင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊  ဒု-ဥက္ကဋ္ဌ ဦးစောဖိုးဝါး၊ အတွင်းရေးမှူး ဦးမင်းထွန်းချစ်၊ တွဲဖက်အတွင်းရေးမှူး ဦးစောမြတ်ထွန်းတို့နဲ့ ပြည်နယ်အလုပ်အမှုဆောင် အဖွဲ့ဝင် ၁၃ ဦး ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွက် အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်သစ်တွေ ရွေးချယ်တဲ့  ဒီ ညီလာခံကို နိုင်သောင်းညွန့်ခေါင်းဆောင်တဲ့ မွန်ပြည်နယ် ညီလာခံကျင်းပရေးကော်မရှင်က လာရောက် ကြီးကြပ်ပြီး ကရင်ပြည်နယ်  မြို့နယ် ၇ မြို့နယ်က ကိုယ်စားလှယ် ၂၈ ဦးက  ဆန္ဒမဲပေးပြီး ရွေးချယ်ခဲ့တာလို့ ဘားအံခရိုင် ဥက္ကဋ္ဌ ဦးသန်းနိုင်က ပြောပါတယ်။

အသစ်ရွေးချယ်ထားတဲ့ ပြည်နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ကရင်ပြည်နယ်တွင်းမှာ  ရှေ့ဆက် ဦးစားပေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို  မကြာခင်မှာ ဆွေးနွေးလုပ်ဆောင်ဖို့ ရှိပါတယ်။

ပြည်နယ်ဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ ဒေါ်နန်းခင်ထွေးမြင့်က ရှေ့ဆက် လုပ်ဆောင်စရာတွေနဲ့ စိန်ခေါ်မှု အခက်အခဲတွေ အများအပြား ရှိနေတယ်လို့ ပြောပါတယ်။

“ပြည်သူတွေဟာ ပါတီသာ ၀င်လာတယ်၊ နိုင်ငံရေးအရ ဘာဆိုတာ မသိကြသေးဘူး။ ၂၀၁၅ အတွက် ဘာကြောင့် ဒီလိုမျိုးလုပ်ရလဲဆိုတာ သိရအောင်၊ နိုင်ငံရေးအမြင်ကျယ်လာအောင်၊ သင်တန်းတွေလည်း ပေးရဦးမယ်၊ ကျမတို့ ကိုယ်တိုင်လည်း ကွင်းဆင်းလေ့လာရဦးမယ်။ တရားဥပဒေစိုးမိုးရေးရှိလာအောင် ကြိုးစားပေးရမယ်။ တရားဥပဒေစိုးမိုးမှု ရှိလာမှ ကျေးရွာတွေကလည်း ကျမတို့အပေါ် ယုံကြည်မှု ရှိလာမယ်။ ငြိမ်းချမ်းရေး ရှိလာတာကလည်း ကျမတို့အပေါ် ယုံကြည်မှု ရှိလာတယ်။ ၂၀၀၈ အခြေခံဥပဒေ ဘာကြောင့် ပြင်ရလဲဆိုတာ သူတို့ကို ရှင်းပြရမယ်။ ၂၀၀၈ အခြေခံဥပဒေက ကျမတို့အတွက် ဘယ်လောက်တောင်မှ အဟန့်အတားဖြစ်စေတယ်ဆိုတာ သူတို့ကို နားလည်အောင် ပြောပြရမယ်။ ကျမတို့ လုပ်ရမယ့်အလပ်တွေက အများကြီး ကျန်ပါသေးတယ်။”

အန်အယ်လ်ဒီပါတီရဲ့ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ်အဆင့် ညီလာခံတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စတင် ကျင်းပနေတာ ဖြစ်ပြီး  အခု ပြည်နယ်အဆင့် ညီလာခံတွေ  ခေါ်ယူ ကျင်းပနေတာပါ။ ဗဟိုအဆင့် ပြည်လုံးကျွတ်ညီလာခံကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။

ယခင် န၀တ၊ နအဖ စစ်အစိုးရလက်ထက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါတီညီလာခံတွေ ကျင်းပဖို့ ပြင်ဆင်တိုင်း အာဏာပိုင်တွေရဲ့ နှောင့်ယှက်တားဆီးမှုတွေအပါအ၀င် ပါတီခေါင်းဆောင်နဲ့ ပါတီဝင်တွေ အများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုတွေနဲ့ ကြုံတွေ့ရလေ့ရှိတာပါ။

အခု ကရင်ပြည်နယ် ညီလာခံကျင်းပစဉ်မှာတော့ ပါတီဝင်တွေရဲ့သွားလာမှု၊ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေက မေးမြန်းစုံစမ်းတာတွေ ပြုလုပ်ခဲ့ပေမယ့် တားမြစ် ပိတ်ပင်တာတွေ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013