DVB Logo
Home
မေးမြန်းခန်း
၂၀၁၃ ဆီးဂိမ်းတွင် မြန်မာ့ခြင်းခတ်ကစားနည်း ထည့်သွင်းရန် ဥပဒေအချို့ ပြင်ပေးခဲ့ရဟုဆို
DVB
·
February 5, 2013
၂၀၁၃ ဆီးဂိမ်းတွင် မြန်မာ့ခြင်းခတ်ကစားနည်း ထည့်သွင်းရန် ဥပဒေအချို့ ပြင်ပေးခဲ့ရဟုဆို
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) မှာ ခြင်းလုံးကစားနည်း ထည့်သွင်းကျင်းပဖို့အတွက် ဥပဒေအချို့ ပြင်ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံခြင်းလုံးအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲအောင်က ပြောပါတယ်။

ဦးရဲအောင်ကို ဒီဗွီဘီသတင်းထောက် ဦးဖိုးကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ရိုးရာခြင်းလုံးအားကစားနည်း ထည့်သွင်းမှုအပေါ် ဆရာ့ရဲ့ သုံးသပ်ချက်။

[caption id="attachment_36119" align="alignright" width="150" caption="အထွေထွေအတွင်းရေးမှူး ဦးရဲအောင်"][/caption]

“ကိုယ့်နိုင်ငံမှာလည်း အိမ်ရှင်ဖြစ်တယ်။ ကိုယ့်ရိုးရာအားကစားနည်းကိုလည်း ဖော်ထုတ်ချင်တယ်။ နှစ်တော်တော်များများ အချိန်ယူပြီး ကြိုးစားပြီး ဆီးဂိမ်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ ကြိုးစားခဲ့တဲ့အချိန်ကာလမှာ မင်းတို့ရိုးရာအားကစားပဲ၊ မင်းတို့မှာရှိပြီးသားပဲ ကြိုးစားခဲ့ရတာ ဘာတွေရှိလည်း မေးရင်တော့ ကျနော်တို့ရိုးရာအားကစားက ကျနော်နိုင်ငံမှာပဲ ခတ်ကြတယ်။ ကျနော်တို့ဆီမှာ ခတ်ကစားတာတွေက အဆင့်အရမ်းမြင့်တယ်။ ကျနော်တို့ဆီမှာ ခတ်ကစားတာတွေကို တော်ရုံတန်ရုံလူတွေ ခတ်မကစားနိုင်ဘူး။ နိုင်ငံတကာကိုလည်း ချပြလို့မရဘူး။ နိုင်ငံတကာကလူတွေ ခတ် မကစားနိုင်ဘူး။ မင်းတို့အားကစားနည်းက ခက်တယ်ကွာလို့ ပြောကြတယ်။ ဒါကြောင့် နိုင်ငံတကာလည်း ပါဝင်လာနိုင်အောင် မြန်မာ့ရိုးရာခြင်းလုံးခတ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ခေါင်း၊ ခါး၊ ခြေ၊ လက်တွေလည်း မပျောက်ပျက်ရအောင် ဆိုပြီး ဥပဒေပြန်လည်ရေးဆွဲရပါတယ်။ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကနေ ဥပဒေပြန်လည်ရေးဆွဲရေးကော်မတီဖွဲ့တယ်။ ဥပဒေပြန်လည်ရေးဆွဲရေးကော်မတီဖွဲ့တယ် ဆိုရာမှာလည်း ၈ လလောက်ကို တကယ် အကျိတ်အခဲ ဥပဒေတွေရေးဆွဲပြီး နိုင်ငံတကာလည်း ပါဝင်လာနိုင်အောင် ခြင်းမူခြင်းဟန်တွေလည်း မပျောက်ပျက်အောင် ပြန်ရေးဆွဲခဲ့တယ်။ အဲဥပဒေနဲ့ပဲ နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ကြိုးစားခဲ့တာပါ။ ဒါတွေက အခြေခံတွေလည်းဖြစ်တယ်။”

လူရွေးချယ်မှုအပိုင်း၊ နှစ်အပိုင်းတွေနဲ့ပတ်သက်ပြီးလည်း နည်းနည်းရှင်းပြပေးပါ။

“မြန်မာ့ရိုးရာခြင်းလုံးအားကစားက တော်တော်များများ ခတ်နိုင်ကြတယ်။ လမ်းဘေးမှာလည်း လူငယ်လေးတွေ လူကြီးတွေ ခတ်ကစားနေတာ တွေ့ရမယ်။ ရိုးရာခြင်းလုံးအားကစားက တော်တော်များများ ခတ်ကစားနေကြတာတွေ့ရတော့ အဲထဲမှာ အခြေခံဥပဒေတွေနဲ့ရေးဆွဲထားတဲ့ ဥပဒေကလည်း လမ်းဘေးကလူတွေရော၊ တော်ရုံတန်ရုံဝါသနာရှင်တွေရော ခတ်နိုင်ကြတယ်။ အဲတော့ ဒီလူတွေလည်း လက်ရွေးစင်ထဲ ပါဝင်ယှဉ်ပြိုင်လာနိုင်အောင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးချယ်ပွဲလုပ်မယ်ဆိုပြီး သတင်းစာတွေနဲ့ စာစောင်တွေနဲ့ မီဒီယာတွေနဲ့ အကြိမ်ကြိမ် ဖိတ်ခေါ်ပြီး ဒီပြိုင်ပွဲကိုလုပ်တာ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါစေချင်လို့ပါ။ လက်ရွေးစင်တွေထဲမှာ ရွက်ပုန်းသီးလေးတွေလည်း မကျန်ရစ်ခဲ့ရအောင် ဒီပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ပါတယ်။”

လူဘယ်နှဦးရွေးချယ်မယ်။ ဘယ်နှသင်းဖြစ်မလဲ ဆိုတာ ပြောပြပေးပါ။

“ကျား ၂၅ ဦးနဲ့ မ ၂၅ ဦး ရွေးချယ်သွားမှာပါ။ တကယ်ပြိုင်ပွဲမှာ ပြိုင်ရမှာက ကျား ၁၆ ဦးနဲ့ မ ၁၆ ဦး။ ၂၅ ဦးကို ကျနော်တို့က ရွေးချယ်ပြီးတော့ နေပြည်တော် ရွှေ လေ့ကျင့်ရေးစခန်းမှာ ပို့ဆောင်လေ့ကျင့်ပေးသွားမှာဖြစ်တယ်။”

မြန်မာ့ရိုးရာခြင်းလုံးအားကစားထည့်သွင်းလိုက်တဲ့အတွက် နိုင်ငံတကာနဲ့ယှဉ်ရင် မြန်မာက ရွှေရဖို့ အားသာသွားတယ်ဆိုတဲ့ ထင်မြင်ချက်လေးပေါ့။

“ကိုယ့်နိုင်ငံအိမ်ရှင်ဖြစ်တယ်။ ရိုးရာအားကစားဖြစ်လို့ အားသာမှုကတော့ ရှိပါတယ်။ ဒါပေမယ့် တခြားအားကစားနည်းတွေလို ကျနော်တို့တနိုင်ငံတည်းကပဲ ရွှေတံဆိပ်တွေ သိမ်းကျုံးပြီး ရယူဖို့ အခွင့်အရေးကြီး ဖန်တီးထားတာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ ခတ်ကစားနိုင်အောင် အခြေခံဥပဒေလေးတွေ လျှော့ချရေးဆွဲထားတာဖြစ်လို့ အခု နိုင်ငံတော်တော်များများလည်း ခတ်ကစားနိုင်နေပါတယ်။ ဒါကြောင့် ပြန်သုံးသပ်ရရင်တော့ ကျနော်တို့ အားသာမှုတော့ ရှိပါတယ်။ ကိုယ့်နိုင်ငံကြီး ရွှေတံဆိပ်ရအောင် အားသွန်ခွန်စိုက်လုပ်ထားတာတော့ မဟုတ်ပါဘူး။ ထိုင်းနဲ့ စင်ကာပူတို့လည်း တော်တော်များများ ခတ်နေကြပြီ။ ကျနော်တို့တောင် ပြန်အလေးထားရမယ့် နိုင်ငံ ထိုင်းနိုင်ငံမျိုးလည်း နည်းနည်းရှိနေပါပြီ။”

ရိုးရာအားကစားနည်းဖြစ်တော့ ဆီးဂိမ်းပြိုင်ပွဲကြီးမှာ အမှတ်ပေးတဲ့အခါ အငြင်းပွားဖွယ် ရလဒ်တွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါလား။

“အငြင်းပွားဖွယ်ရလဒ်တွေတော့ မဖြစ်ပါဘူး။ ကျနော်တို့ ဥပဒေကို သေချာရေးဆွဲထားတယ်။ ဥပေဒကိုလည်း နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးပြီ။ အဓိက ထိုင်းနဲ့ စင်ကာပူတို့နဲ့လည်း အသေအချာ အကြိတ်အနယ်ဆွေးနွေးပြီးပါပြီ။ ဆွေးနွေးပြီးတဲ့အချိန်ကာလမှာမှ သူတို့ဘက်ကနေ ဒါလေးပြင်ပေးပါဆိုလို့ ပြင်ပေးခဲ့ရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ ဥပမာ လက်ရှိ ခတ်ကစားနေတဲ့ စနစ်ဆိုရင် သူတို့တောင်းဆိုချက်အရ ပြင်ပေးထားတာလေးတွေရှိတယ်။ အရင်တုန်းက အားကစားက ၀ိုင်းထဲမှာလုံးထွေးပြီးတော့ ခတ်ကြတာ။ သူတို့က မဟုတ်ဘူး အဲလိုခတ်ရင် သူတို့ဒိုင်တွေအနေနဲ့ ဆုံးဖြတ်ရခက်တယ်။ ၀ိုင်းထဲမှာ အမှတ်ပေးခတ်ကစားမယ့်သူ ၁ ယောက်ပဲနေပေးပါ။ ကျန်တဲ့သူတွေက ဘေးကနေ ၀ိုင်းဝန်းကူညီပေးကြပါ ဆိုတဲ့ ဥပဒေကို ထိုင်းနိုင်ငံက တင်ပြလာတယ်။ အဲတော့ ကျနော်တို့ကလည်း ဟုတ်တယ် ဒါကလည်း ဒိုင်တွေရှင်းတယ်၊ အပြင်ပရိသတ်တွေလည်း ရှင်းအောင် ကျနော်တို့လက်ခံပြီး ဒီဥပဒေ ပြန်လည်ရေးဆွဲပေးခဲ့ရတာဖြစ်တော့ နိုင်ငံတကာလည်း အားလုံးက သူတို့အဆိုတင်သွင်းတာတွေနဲ့ သူတို့ထောက်ခံတာတွေနဲ့ သေချာသဘောတူညီမှုရယူပြီးမှ လုပ်ထားတာဖြစ်လို့ အငြင်းပွားမှုတွေ မဖြစ်နိုင်ပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013