
ထိုင်းတောင်ပိုင်း၊ ဖန်ငါးခရိုင် ရာဘာခြံထဲမှာ မြန်မာအလုပ်သမား တချို့ မနေ့က သေနတ်ပစ် ခံရပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ခေါ၀်ချတ်ထိုင်း သတင်းမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မနက်ခင်းက ဖန်ငါးမြို့နယ်၊ ကရုန်းဆီကျေးရွာရှိ ရာဘာခြံထဲမှာ အလုပ်သမားတွေ အကြမ်းဖက်ခံရကြောင်း သတင်းအရ အရေးပေါ် လူနာတင်ကားနဲ့အတူ ချက်ချင်းသွားရောက် ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဖန်ငါးမြို့ ထုန့်ခါငုတ်နယ်မြေ ရဲစခန်း တာဝန်ကျ ဒုရဲမှူး ချယကွန်းဆုဝမ်ကလောက်က သတင်းထောက်တွေကို ပြောပါတယ်။
ရာဘာခြံတခြံရှိ အလုပ်သမားတန်းလျားမှာ အခင်းဖြစ်ပွားခဲ့ပြီ ဘယ်ဘက်ရင်အုံမှာ အထိုးခံထားရတဲ့ဒဏ်ရာနဲ့ အသက် (၅၀)နှစ်ရွယ်ရှိ ဦးဝင်းနဲ့ ဘယ်ဘက်သေနတ်မှန်ထားတဲ့ အသက် ၂၈ နှစ်ရွယ်ရှိ ကျော်ဆဆိုသူ မြန်မာလုပ်သား ၁ ဦး တို့ကို တွေ့ရကြောင်း၊ ကျော်ဆကို ဖန်ငါးဆေးရုံသို့ ပို့ပေးခဲ့ပြီး ဦးဝင်းကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဖူးကက်ခရိုင် ဝချီရဆေးရုံကြီးကို ပို့ဆောင်ပေး ခဲ့ရတယ်လို့ ဒုရဲမှူးက ပြောပါတယ်။
တာ၀န်ရှိသူတွေက ရာဘာခြံအနီးနားတဝိုက် ဆက်လက်စစ်ဆေးစဉ် မနက် ၁၁ နာရီ လောက်မှာတော့ ရာဘာခြံအလုပ်သမားရုံးအနီး ပါးစပ်မှာ သေနတ်မှန်ထားတဲ့ ဒဏ်ရာနဲ့ မေ့လဲနေ မြန်မာအလုပ်သမားတဦးကို တွေ့ရှိရပြီး နာမည်ကို စိစစ်နေဆဲလို့ ဆိုပါတယ်။
ရာဘာခြံထဲမှာ သေနတ်သမားရဲ့ ဆိုင်ကယ်နဲ့ ကြိုးတစ်ချောင်းကို တွေ့ရှိပြီး လူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
မျက်မြင်အလုပ်သမား ၁ ဦးရဲ့ ပြောပြချက်အရ ကျူးလွန်သူမှာ ရာဘာခြံပိုင်ရှင်ရဲ့ တူသား တော်စပ်သူ တဦးဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုရှိခဲ့ဖူးသူဖြစ်ကြောင်း၊ သူဟာလည်း အဆိုပါရာဘာခြံမှာ အလုပ်လုပ်နေကြောင်း၊ ဒီအကြမ်းဖက်မှုဟာ ငွေရေးကြေးရေးနဲ့ မပတ်သက်ဘဲ မြန်မာအလုပ်သမားမိသားစု အပေါ် မနာလိုဝန်တိုတာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျူးလွန်သူဟာ အလုပ်ရှင်ရဲ့ တူအရင်းဖြစ်ပေမယ့် တောင်ကုန်းပေါ်က ရာဘာပင်တွေကို ခက်ခဲစွာအစေးခြစ်ရပြီး မြန်မာအလုပ်သမားမိသားစုကတော့ တောင်ခြေက အပင်တွေမှာဘဲ လွယ်ကူစွာအလုပ်လုပ်ရလို့ အဲဒီမိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မနက် ၅ နာရီလောက်မှာတော့ ကျူးလွန်သူဟာ အလုပ်သမား အိမ်ခန်းတံခါးကို ဆောင့်တွန်းပြီး အိပ်နေတဲ့ ကျော်ဆကို သေနတ်နဲ့ ၁ ချက် အရင်ပစ်ခဲ့ကြောင်း၊ အဲဒီနောက် အခန်းထဲမှာရှိနေတဲ့ သူ့ကိုဆက်ပစ်တာ သူက အပြင်ဘက်ကိုထွက်ပြေးလို့ လွတ်လာ ခဲ့ပြီး အသံကြားလို့ လာကြည့်တဲ့ ဦးဝင်းကို အရှိန်ပြင်းပြင်းနဲ့ ထိုးလိုက်တာကြောင့် ဦးဝင်းမှာ အနီးက ချောင်းထဲကို လိမ့်ကျသွားတာလို့ မျက်မြင်အလုပ်သမားက ပြောပါတယ်။
ကျူးလွန်သူဟာ တွေ့ကရာလူကို သေနတ်နဲ့ရမ်းပစ်ပြီး ဆိုင်ကယ်နဲ့ ရာဘာတောထဲကို ထွက်ပြေးသွားကြောင်း၊ သူလည်း ဒဏ်ရာရတဲ့ ဦးဝင်းကို တန်းလျား ဆီသယ်လာကာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ရဲစခန်းကို ဖုံးဆက်လိုက်တာလို့ အလုပ်သမားက ဆိုပါတယ် ။
ရဲတပ်ဖွဲ့ဝင်တွေက ရာဘာခြံနဲ့ အနီးနားတဝိုက်ကို ပိတ်ဆို့စစ်ဆေးနေပြီး ရာဘာခြံ အလုပ်သမားတွေကတော့ အဲဒီမှာ မနေရဲတော့ဘဲ အလုပ်ရှင်ရဲ့ နေအိမ်မှာ ပြောင်းရွှေ့သွားကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကိုးကား- khaochad










