
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုမှာတာဝန်ရှိတယ်ဆိုပြီး မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီး ၄ ဦး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်နယ် အပါအဝင် တခြားတိုင်းရင်းသား ဒေသတွေမှာ တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် ၉၉ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်သန်းဦးနဲ့ အမှတ် ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်အောင်အောင်တို့ကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု ဥပဒေအရ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။
မြန်မာ၊ ပါကစ္စတန်၊ လစ်ဗျား၊ ဆလိုဗာကီးယား၊ ကွန်ဂိုနဲ့ တောင်ဆူဒန်နိုင်ငံတွေက လူပုဂ္ဂိုလ် ၁၈ ဦးနဲ့ လုပ်ငန်း ၆ ခုတို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ဒဏ်ခတ် အရေးယူလိုက်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူသတ်မှုနဲ့ အပြစ်မဲ့အရပ်သားတွေအပေါ် လူမဆန်စွာပြုမူမှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗန်မန်နူချင်းက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အဆိုပါ လူပုဂ္ဂိုလ်တွေ တဦးချင်းစီရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ သွယ်ဝိုက်သို့မဟုတ် တိုက်ရိုက် ပိုင်ဆိုင်တဲ့ အကျိုးစီးပွားပိုင်ဆိုင်မှုတွေအားလုံးကို အမေရိကန်အနေနဲ့ တားဆီးထိမ်းချုပ် ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။











