DVB Logo
Home
မြန်မာသတင်း
သမ္မတရုံးဝက်ဘ်ဆိုက်နဲ့ သည်ဗွိုက် ဂျာနယ် ဖေ့ဘွတ် တိုက်ခံရ
DVB
·
February 5, 2013
သမ္မတရုံးဝက်ဘ်ဆိုက်နဲ့  သည်ဗွိုက်  ဂျာနယ် ဖေ့ဘွတ် တိုက်ခံရ
1 / 2
Donate to DVB

နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာနဲ့ ရန်ကုန်အခြေစိုက် The Voice Weekly ဂျာနယ်ရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စ် အင်တာနက်စာမျက်နှာတွေ  တိုက်ခိုက်ခံရတယ်လို့  တာဝန်ရှိသူတွေက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက် နံနက် ၉နာရီခွဲ ကနေ ၁၀ နာရီအတွင်းနဲ့  ၁၁ နာရီအချိန် တွေမှာ အမေရိကန်၊ မလေးရှားနဲ့ ရုရှားက အိုင်ပီလိပ်စာကနေတဆင့် DDoS ဒီဒေါစ့် Requestတွေ ပေးပို့ပြီး တိုက်ခိုက်ခဲ့တာလို့  သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကိုပြောပါတယ်။

“DDoS ဆိုတာက ကျနော်တို့ ၀က်ဘ်ဆိုဒ်ကို ၁ စက္ကန့်အတွင်းမှာ လူပေါင်းများစွာက ၀င်ပြီး ဖွင့်ကြည့်တဲ့ accessလုပ်တဲ့ဟာနဲ့ လုပ်လိုက်တာ။ အဲဒါကသူက ဟို အဝေးထိန်းနဲ့လည်း လုပ်လို့ရတယ်။  ဆိုလိုတာက ကွန်ပျူတာတွေ အများကြီးပေးထားပြီး၊ တချို့ ကွန်ပျူတာတွေ ကာယကံရှင်တောင်မသိဘဲ သူ့ IP သုံးပြီး တိုက်တဲ့ဟာမျိုးထိလုပ်လို့ရတယ်။ IPတွေက အမျိုးမျိုးပေါ်တယ်။ ကြည့်လိုက်ရင် အမေရိကန် IP၊ ရုရှား IP ဆိုသော်ငြားလည်း အဲကလူတွေ တိုက်တာလည်း ဟုတ်ချင်မှဟုတ်မယ်။ ၀က်ဘ်ဆိုဒ်က ဟက်ခံရတာမဟုတ်ဘူး။ Down သွားတာ။ လူအများကြီးဝိုင်းကြည့်သလို အဲလိုဖြစ်တာ။ ၁ စက္ကန့်အတွင်းလူတွေသန်းနဲ့ချီဖွင့်တဲ့ပုံစံမျိုးဖြစ်သွားတော့ ၀က်ဘ်ဆိုက်က မနိုင်တော့ down သွားတာ။”

လုံခြုံရေးဆိုင်ရာ အစီအမံတွေ ပြုလုပ်ထားတဲ့ကြားက တိုက်ခိုက်ခံရတာဖြစ်ပြီး အရင်ကလည်း အလားတူ တိုက်ခိုက်မှုမျိုးတွေ ကြုံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာကို ဖွင့်ဖို့ ကြိုးစားတဲ့သူတွေနဲ့ အဆင်မပြေတာတွေ ကြုံတွေနိုင်တဲ့အတွက် သည်းခံပေးဖို့လည်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးက သူရဲ့ ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာကတဆင့် မေတ္တာရပ်ခံ ထားပါတယ်။

[caption id="attachment_36101" align="alignright" width="150" caption="The Voice Weekly ဖေ့ဘွတ်စာမျက်နှာ တိုက်ခိုက်ခံရပြီး တွေ့ရှိရစဉ်"][/caption]

အလားတူ ဖေဖော်ဝါရီ ၄ ရက်နေ့က ရန်ကုန်အခြေစိုက် The Voice Weekly ဂျာနယ်ရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စ် အင်တာနက်စာမျက်နှာတွေ စတင်တိုက်ခိုက်ခံရပြီး  ဂျာနယ်က ဖေ့ဘွတ် အင်တာနက်စာမျက်နှာကို သတင်းတွေ  တင်လို့ မရတော့ဘူးလို့  ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

တိုက်ခိုက်တဲ့သူတွေကို အတိအကျပြောလို့မရသလို ဒီလိုတိုက်ခိုက်တာတွေက ဂျာနယ်ကို အဓိက တိုက်ခိုက်ချင်လို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ကျနော်တို့ကို တမင် တိုက်ခိုက်ချင်လို့ဖြစ်တယ်။ ကျနော်တို့ရဲ့ admin အကောင့်တွေကနေ တင်လို့မရတော့ဘူး၊ အကုန်ဖြုတ်ချခံရတယ်။ အက်ဒမင်အကောင့်တွေကို စီးထားလိုက်ပြီး အခု ဟက်ထားတဲ့သူတွေက သတင်းတွေတင်နေတာ။ ကျနော်တို့ကို အထင်လွဲအောင် သက်သက်မဲ့လုပ်ကြံပြီး ဖန်တီးတဲ့သတင်းတွေတင်နေတာ။ ဘယ်လိုပဲ သတင်းကျင့်ဝတ်ရှုထောင့်ကနေလုပ်လုပ် ချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းရှိမှာပေါ့။ မုန်းတဲ့သူက လုပ်တာပေါ့။ လုပ်တာကလည်း အွန်လိုင်းပေါ်ကလုပ်တာဆိုတော့ ဘယ်သူဖြစ်တယ်ဆိုတာ ပြောဖို့ခက်တယ်။ တကယ်ဆိုရင်တော့ အီလက်ထရောနစ်ဥပဒေ ရှိတယ်။ အဲဥပဒေမှာ ဆိုင်ဘာရာဇ၀တ်မှုတွေ မဖြစ်အောင် ကာကွယ်ထားတဲ့အချက်တွေပါတယ်။ ဒါတွေနဲ့ထိထိရောက်ရောက် အရေးယူနိုင်ရင် ဆာဗာကိုလိုက်ရင် ဒါတွေကပေါ်လာမှာပေါ့။ မြန်မာပြည်မှာ Cyber Police ကမရှိဘူး။ အီးမေးလ် ၁ စောင်လက်ခံမိတာနဲ့ ထောင်ဒဏ် ၁၅ နှစ်ချတာပဲရှိတာ။ ဒီလို ဆိုင်ဘာရာဇ၀တ်မှုတွေဖြစ်လာတဲ့အခါ အခုလို ၀က်ဘ်ဆိုဒ်တွေ၊ Facebook တွေ တိုက်ခိုက်ခံရတဲ့အခါ ဆက်သွယ်ရေးအရသော်လည်းကောင်း၊ အီလက်ထရောနစ်ဥပဒေအရသော်လည်းကောင်း ဘာမှအကာအကွယ် မပေးနိုင်ပါဘူး။ အဲတော့ ဆက်သွယ်ရေးဥပဒေ အသက်သွင်းဖို့လုပ်နေသူတွေ တစိတ်တပိုင်းတာဝန်ရှိတယ် ပြောရမယ်။”

ဒီလိုဖေ့ဘွတ်ကနေ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ Eleven Media Group ရဲ့ CEO  ဦးသန်းထွဋ်အောင်တို့နဲ့ ပတ်သက်ပြီး တိုက်ခိုက်ရေးသားမှုတွေ  The Voice Weekly  Facebook စာမျက်နှာ တိုက်ခိုက်ခံရမှု လူထုဝမ်းသာ စတဲ့ လူထု အထင်အမြင် လွဲမှားစေနိုင်တဲ့သတင်းတွေကို တင်ထားခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီးတော့ သူရဲ့အမြင်ကိုလည်း ဦးကျော်မင်းဆွေက အခုလို ပြောပါတယ်။

“ဒီလို အဖျက်လုပ်ငန်းလုပ်တာတော့ ကျနော်တို့လူအဖွဲ့အစည်းအတွက် မကောင်းပါဘူး။ ကိုယ့်ရဲ့ အစွမ်းအစ၊ ခံယူချက်၊ ရပ်တည်ချက်နဲ့ ရိုးရိုးသားသား ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ပေးဖို့ လိုပါတယ်။ စတုတ္ထမဏ္ဍိုင်ပီပီသသဖြစ်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ မီဒီယာတွေကို ဒီလိုလုပ်တာ မကောင်းပါဘူး။ ကျနော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ တယောက်ယောက်ကို ဒီလို နာမည်ပျက်အောင်၊ သိက္ခာကျအောင်၊ ပျက်စီးဆုံးရှူံးနစ်နာအောင်လုပ်တာမျိုးက ဒီမိုကရေစီနဲ့လားလားမှ မထိုက်ဘူးလို့ ပြောရမယ်။ ကျနော်တို့တိုင်းပြည်က ဒီမိုကရေစီသွားနေတယ်ဆိုရင် ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံကြီးသားတွေဖြစ်အောင် လေ့ကျင့်ထားဖို့လိုတယ်။ ဒီလို တိုက်ခိုက်တာမျိုး နစ်နာအောင်လုပ်တာမျိုးက မသင့်တော်တဲ့ကိစ္စပါ။”

The Voice Weekly ဂျာနယ်ဖေ့ဘွတ်ကို ၀င်ရောက်ကြည့်ရှုသူ ၁ သိန်းကျော် ရှိပါတယ်။

အရင်ကလည်း ဒီလိုတိုက်ခိုက်တာတွေကို ပြည်ပအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ ဧရာဝတီ၊ မဇ္ဈိမနဲ့ ဒီဗွီဘီ အင်တာနက်စာမျက်နှာတွေလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013