DVB Logo
Home
Lead Story
လူ့အခွင့်အရေးရဲ့ အစနိဒါန်းများ
DVB
·
December 10, 2019
လူ့အခွင့်အရေးရဲ့ အစနိဒါန်းများ
Donate to DVB

လူ့သမိုင်းမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ်  သုံးစွဲလာခဲ့တာ သိပ်မကြာသေးပါဘူး။ လူ့အခွင့်အရေး ကြေညာစာတမ်း ဆိုပြီး ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ကြေညာခဲ့တာလည်း ယခုအချိန် (၂၀၁၉  ခုနှစ်)ကနေ ပြန်ရေတွက်မယ်ဆိုရင် ၇၁ နှစ်ပဲ ရှိပါသေးတယ်။

မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို လူပြောသူပြော များလာတာဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး နောက်ပိုင်းကာလမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုပြီး တွဲသုံးတတ်ပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး အာဏာရှင်စနစ် လက်အောက်ကို ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ လူထောင်ပေါင်းများစွာ အသက်ကို စတေးပြီးမှ ဒီစကားလုံးတွေကို ပြောခွင့်ရလာခဲ့တာပါ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးမတိုင်မီ တပါတီ ဆိုရှယ်လစ်ခေတ်က ဆိုရင် ဒီစကားလုံးတွေကို သိမြင်ပြောကြားတဲ့သူ  မရှိသလောက် ရှားပါးခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို မြန်မာဘာသာနဲ့  ထုတ်ဝေဖြန့်ချိခဲ့ဖူးပေမယ့် လူထုကြားထဲ မပျံ့နှံ့ခဲ့ပါဘူး။ အခြေခံပညာကျောင်းသားများအတွက် အလွယ်တကူ နားလည်အောင် ပြန်လည်ရေးသားထားတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို  သတင်းစာဆရာကြီး ဦးညိုမြက သူ့ရဲ့ အိုးဝေဂျာနယ်မှာ ဘာသာပြန်ဆို ထည့်သွင်းခဲ့ဖူးပါတယ်။ ဒါကိုလည်း အာရုံစိုက်မိတဲ့သူ အရေအတွက် မများလှပါ။ ဦးညိုမြရဲ့ ဘာသာပြန်မူကို ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအတွင်းမှာ ဖြန့်ချိတာ တွေ့ရပါတယ်။

၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်ကြေညာပါတယ်။ ယခုအချိန်မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံ ရှိနေပြီတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ အဲဒီ ၁၉၄၈ ခုနှစ်တုန်းကဆိုရင် အဖွဲ့ဝင် နိုင်ငံပေါင်း ၅၈ နိုင်ငံသာ ရှိပါသေးတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အဖွဲ့ဝင်နိုင်ငံ ၅၀ က ထောက်ခံခဲ့ပြီး  ကျန်တဲ့ ၈ နိုင်ငံကတော့ ကန့်လည်း မကန့်ကွက်၊ ထောက်လည်း မထောက်ခံဘဲ ကြားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကြေညာစာတမ်းကို ထောက်ခံမဲ ပေးခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ပထမဆုံး ထောက်ခံမဲပေးတဲ့ နိုင်ငံများအတွင်းမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့တယ်ဆိုတဲ့ အချက်က အာဏာရှင်စနစ် (၁၉၆၂) မတိုင်မီက မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များရဲ့ အမြော်အမြင်ကို အထင်အရှား ဖော်ပြနေပါတယ်။ 

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို ထုတ်ဖော်ပြောဆိုနိုင်နေပေမယ့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းထဲက အခွင့်အရေး တွေကိုတော့ လက်ဆုပ်လက်ကိုင် ရရှိနိုင်ဖို့အတွက် ဆက်လက်ရုန်းကန် နေခဲ့ရပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း ရေးသားထားတဲ့ စာရွက်တွေကို လူထုကြားမှာ ဖြန့်ဝေတယ်ဆိုရင် အဖမ်းခံရတဲ့အထိ နိုင်ငံရေးအခြေအနေက ဆိုးရွားနေခဲ့ပါသေးတယ်။ လူ့အခွင့်အရေးကို အမျိုးမျိုး ချိုးဖောက်နေတဲ့ အာဏာရှင်အစိုးရ အဆက်ဆက်ကလည်း လူ့အခွင့်အရေးဆိုတာ ဗိုလ်ကျစိုးမိုးချင်တဲ့ အနောက်နိုင်ငံများက လတ်တလော တီထွင်လိုက်တဲ့ အရာတခုလိုမျိုး ဝါဒဖြန့်နေခဲ့ပါတယ်။ လူ့အခွင့်အရေး ဆိုတာ အနောက်နိုင်ငံသားတွေနဲ့သာ သက်ဆိုင်ပြီး အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတယ်လို့ ဝါဒဖြန့် စွပ်စွဲနေခဲ့တယ်။

လူ့အခွင့်အရေးဆိုတဲ့အရာဟာ မျက်မှောက်ခေတ်မှာမှ ပေါ်ပေါက်လာတဲ့အရာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်က အာဖရိကတိုက် မက်ဆိုပိုတေးမီးယားနိုင်ငံမှာ ပေါ် ပေါက်ခဲ့တဲ့ ဟမ်မူရာဘီကိုဓဥပဒေ (Code of Hammurabi) မှာ လူ့အခွင့်အရေးတချို့ ပါဝင်နေတယ်လို့ သမိုင်းပညာရှင်များက ဆိုပါတယ်။ ဟမ်မူရာဘီ ကိုဓဥပဒေထဲမှာ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ ကျေးကျွန်အခွင့်အရေး စသဖြင့် ပါရှိခဲ့ပါတယ်။

စာပေအရေးအသားနဲ့ ခိုင်ခိုင်မာမာ တွေ့တာကတော့ ၁၈၇၉ ခုနှစ်က အီရန်နိုင်ငံမှာတွေ့ ခဲ့တဲ့  ဆလင်ဒါပုံ ရွှံ့တုံးတတုံးပေါ်က အထောက်အထား ဖြစ်ပါတယ်။ ဒီစာကို ရေးသားခဲ့တဲ့အချိန်က အင်ပါယာအရှင်ဘုရင်ကြီး မဟာစိုင်းရတ် (Great Cyrus) အုပ်ချုပ်နေတဲ့အချိန်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်ကဖြစ်ပြီး အဲဒီအချိန်က အီရန်နိုင်ငံလို့ မခေါ်ဘဲ ပါးရှားနိုင်ငံလို့ ခေါ်ခဲ့ပါတယ်။ အဲဒီရွှံ့တုံးပေါ်မှာ ရေးသားထားတာတွေက ဘုရင်ကြီး စိုင်းရတ်ရဲ့ အမိန့်ပြန်တမ်းတွေ ဖြစ်ပါတယ်။ ဒီပြန်တမ်းတွေထဲမှာ ကျေးကျွန်တွေကို လွတ်လပ်ခွင့်ပေးတာ၊ အလုပ်သမားတွေကို လုပ်အားခ ပေးတာ၊ ဘာသာရေး လွတ်လပ်ခွင့်ပေးတာ၊ ပါဝင်ပါတယ်။ ဒီအမိန့်ပြန်တမ်းပါတဲ့ ဆလင်ဒါရွှံ့တုံးကြီးကို ဗြိတိသျှပြတိုက်မှာ သိမ်းဆည်း ပြသထားပါတယ်။ ဒီရွှံ့တုံးအတိုင်း ပုံတူတခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ သိမ်းဆည်းပြသထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ လောက်က အိန္ဒိယနိုင်ငံမှာ ပေါ်ထွန်းခဲ့တဲ့ အသောကမင်းကြီး လက်ထက်မှာလည်း တိုင်းသူပြည်သားများကို လူ့အခွင့်အရေးတချို့ကို ပေးခဲ့တာတွေ့ရပါတယ်။ ဘာသာရေး၊ နိုင်ငံရေး၊ ဇာတ်ခွဲခြားမှု မရှိတာ၊ အခမဲ့ပညာရေး၊ အခမဲ့ ဆေးကုသမှု၊ လူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ အကြမ်းမဖက်မှု စသဖြင့် ဒီကနေ့ လူ့အခွင့်အရေး ဆိုတာတွေရဲ့ အခြေခံအချက်တချို့ကို အသောကမင်းကြီးရဲ့ ကျောက်စာမှာ တွေ့ရပါတယ်။ အသောကမင်းကြီးနဲ့ ပတ်သက်ရင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင် လှူဒါန်းခဲ့တယ် ဆိုတာလောက်ပဲ သိနေခဲ့ကြပေမယ့် တကယ်တော့ အသောကမင်းကြီးဟာ လူ့အခွင့်အရေးတွေ ပေးနေခဲ့တဲ့သူ ဖြစ်တယ်ဆိုတာ ကျောက်စာ အထောက်အထားအရ ထင်ရှားပါတယ်။

ဒီအထောက်အထားတွေအရ လူ့အခွင့်အရေးဆိုတာဟာ အရှေ့တိုင်းဒေသတွေမှာလည်း ရှေးကတည်းက ရှိခဲ့ဖူးတဲ့အရာတွေလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး ဆိုတာကို အနောက်နိုင်ငံများရဲ့ တီထွင်ဖန်တီးမှုအဖြစ် အရှေ့တိုင်းဒေသက အာဏာရှင်အစိုးရများ ဝါဒဖြန့်နေကြတာဟာ သမိုင်းကို ဖျောက်ဖျက်တာလို့ ပြောနိုင်သလို အရှေ့တိုင်းဒေသရဲ့ လေးစားဖွယ် ယဉ်ကျေးမှုအစဉ်အလာတရပ်ကို မှေးမှိန်အောင်လုပ်နေခြင်းလို့လည်း ဆိုနိုင်ပါတယ်။

အနောက်တိုင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော်က အင်္ဂလန်ပြည်ရဲ့ ဘုရင်ကြီးဂျွန်     (King John) လက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ မဂ္ဂနာကာတာ ကြေညာစာတမ်း (Magna Carta 1215) ဟာ လူ့အခွင့်အရေးတချို့ကို ဖော်ထုတ်နိုင်ခဲ့တဲ့ စာတမ်းအဖြစ် နာမည်ကြီးပါတယ်။ အစိုးရကို ဖွဲ့စည်းပုံအခြေခံဥပေဒအောက်မှာထားဖို့ စတင်လုပ်ဆောင်ခဲ့တဲ့စာတမ်း ဖြစ်ပါတယ်။ 

မဂ္ဂနာကာတာ ကြေညာစာတမ်း ထွက်ပေါ်ချိန်နဲ့ တပြိုင်တည်းမှာလိုပဲ အာဖရိကတိုက် မာလီနိုင်ငံမှာ အုပ်စိုးခဲ့တဲ့ ဆွန်ဒီယာတာ ကိတ္တ (Sundiata Keita) ဆိုတဲ့ ဘုရင်ကလည်း လူ့အခွင့်အရေးတချို့ကို ပေးခဲ့ပါတယ်။ ကျေးကျွန်စနစ်ကို ဖျက်သိမ်းပေးခဲ့ပြီး ပုဂ္ဂလိက အခွင့်အရေးတချို့ကို ပေးခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က အင်္ဂလန်နိုင်ငံမှာ ပေါ်ထွန်းခဲ့တဲ့ ပညာရှိကြီး ဂျွန်လော့ (John Locke) က လူ့အခွင့်အရေးရဲ့ အခြေခံသဘာဝအခွင့်အရေး ဆိုတာကို စနစ်တကျ စပြီးတင်ပြ ရေးသားခဲ့ပါတယ်။ ဒီအချိန်ကစလို့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ဖြစ်ရပ်ကြီးတွေဟာ အနောက်တိုင်းကမ္ဘာမှာ ဖြစ်ပွားလာခဲ့ပါတယ်။

၁၇၇၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန် တော်လှန်ရေးနဲ့ ၁၇၈၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ် တော်လှန်ရေးတွေကြောင့် လူ့အခွင့်အရေးများကို လူသားတွေ ကျယ်ကျယ်ပြန့်ပြန့် စတင်ရရှိခဲ့ပါတယ်။ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းနဲ့ ပြင်သစ် လူ့အခွင့်အရေး ကြေညာစာတမ်းတွေမှာ အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာ နေထိုင်ခွင့်၊ ပျော်ရွှင်ချမ်းမြေ့မှု ရပိုင်ခွင့် စတာတွေကို အတိအလင်း ဖော်ပြခဲ့ပါတယ်။

နောက်တော့ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး စတာတွေကို အကျယ်တဝန်း ထုတ်ဖော် ရေးသားမှုတွေ အလျှိုအလျှို ပေါ်လာပါတယ်။ သောမတ်ပိန်း (Thomas Paine)၊  ဂျွန် စတူးဝပ်မီး (John Stuart Mill)၊ ဟေဂယ်လ် (Hegel) စတဲ့ ပညာရှိသုခမိန်ကြီးများက လူသားရဲ့ ရပိုင်ခွင့်တွေကို ရေးသားတင်ပြခဲ့ပါတယ်။ ဒီလိုပညာရှိကြီးများထဲမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တဦး ကတော့ အမေရိကန်တွေးခေါ်ရှင်ကြီး ဟင်နရီဒေးဗစ်သောရိုး (Henry David Thoreau)  ဖြစ်ပါတယ်။ သူဟာ လူ့အခွင့်အရေး (Human Rights) ဆိုတဲ့ စကားလုံးကို ပထမဆုံး စတင်သုံးစွဲခဲ့သူ ဖြစ်တယ်လို့ တချို့က ဆိုကြပါတယ်။

တွေးခေါ်ရှင်ကြီး သောရိုးရေးသားခဲ့တဲ့ နိုင်ငံရေးအာခံမှု စာတမ်းကြီး (Civil Disobedience) ဟာ လူ့အခွင့်အရေးသမိုင်းမှာ အလွန်အရေးပါတဲ့ စာတမ်း ဖြစ်ပါတယ်။။ ဒီစာတမ်းက အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ( Mahatma Gandhi) နဲ့ အမေရိကန် လူမည်းအခွင့် အရေးခေါင်းဆောင် မာတင်လူသာကင်း ( Martin Luther King) တို့အပေါ် အလွန် သြဇာ လွှမ်း ခဲ့ပါတယ်။

နိုင်ငံရေးခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များ၊ ပညာရှိသုခမိန်ကြီးများရဲ့ အဆင့်ဆင့် ကြိုးပမ်းမှုတွေနဲ့ လူ့အခွင့်အရေးဆိုတာတွေကို လူတွေသိမြင်သဘောပေါက်လာပြီး တချို့တဝက် ခံစားရရှိလာခဲ့ကြပေမယ့် လူသားအားလုံးအတွက် တပြေးညီရရှိရမယ့် လူ့အခွင့်အရေးအချက် အလက်တွေကို စနစ်တကျ ဖော်ထုတ်ခဲ့တာကတော့ ကုလသမဂ္ဂအဖွဲ့ကြီး (United Nations) ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကုလသမဂ္ဂ သဘောတူစာတမ်းကြီးထဲမှာ လူ့အခွင့်အရေး ဆိုတဲ့ အကြောင်းအရာကို သေသေချာချာ ထည့်သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လူ့အခွင့်အရေးကော်မရှင် ဆိုတာကို ဖွဲ့စည်းပြီး ပညာရှင်အဖွဲ့နဲ့ သုံးနှစ်ကြာ ရေးဆွဲခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အပိုဒ် ၃၀ ပါဝင်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို တရားဝင်ကြေညာနိုင်ခဲ့ပါတယ်။            ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013