DVB Logo
Home
မြန်မာသတင်း
ပုံနှိပ်နှင့် အသံလွှင့်မီဒီယာ လုပ်ခွင့် ပြန်ကြားရေးဌာန၏ သဘောထားမှတ်ချက်ယူရမည်
DVB
·
February 4, 2013
ပုံနှိပ်နှင့် အသံလွှင့်မီဒီယာ လုပ်ခွင့် ပြန်ကြားရေးဌာန၏ သဘောထားမှတ်ချက်ယူရမည်
Donate to DVB

မြန်မာပြည်မှာ ပုံနှိပ်နဲ့ အသံလွှင့်မီဒီယာလုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ သဘောထားမှတ်ချက်နဲ့ ခွင့်ပြုမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဇန်န၀ါရီ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အမိန့်ကြေညာချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ စီးပွားရေးလုပ်ငန်း အမျိုးအစားတွေ ဖော်ပြထားပါတယ်။ အဲ့ဒီမှာ လုပ်ကိုင်ခွင့်မပြုတဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစားတွေ၊ နိုင်ငံသားနဲ့ ဖက်စပ်စနစ် ခွင့်ပြုမယ့် အမျိုးအစားတွေနဲ့ သီးခြားပြဋ္ဌာန်းထားတဲ့ အခြေအနေတရပ်ရပ်နဲ့ လုပ်ခွင့်ပြုမယ့် အမျိုးအစားတွေ ဆိုပြီး ၃ မျိုးခွဲပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

တခါ နောက်ဆုံးတမျိုးဖြစ်တဲ့ သီးခြား ပြဋ္ဌာန်းထားတဲ့ အခြေအနေတရပ်ရပ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့သဘောထားမှတ်ချက်နဲ့ ခွင့်ပြုမယ်ဆိုတဲ့အထဲ မီဒီယာလုပ်ငန်းတွေ ပါဝင်နေတာပါ။

ပုံနှိပ်နဲ့ အသံလွှင့်မီဒီယာလုပ်ငန်းကို ပူးတွဲလုပ်ကိုင်ခြင်းနဲ့ မြန်မာအပါအ၀င် တိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေတဲ့ အချိန်မှန်ထုတ် စာနယ်ဇင်း ပုံနှိပ်ဖြန့်ချိခြင်းများ စတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်လိုသူတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်နဲ့ လုပ်ကိုင်ခွင့် ရယူကြရမှာ ဖြစ်ပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇော်သက်ထွေးက လာမယ့် စာနယ်ဇင်းကောင်စီ အစည်းအဝေးမှာ ခေါင်းစဉ်တခုအနေနဲ့ ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့သွားမယ့် လမ်းကြောင်းမှာ စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ နောက်တခုက ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်ကနေ မီဒီယာဥပဒေမူကြမ်းရေးဆွဲပါ။ သူကိုယ်တိုင်ကလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ညီတဲ့ လွတ်လပ်စွာရေးသားဖော်ပြခွင့်ကိုပဲ မြန်မာနိုင်ငံမှာလိုချင်ပါတယ်လို့ ပြောထားတော့ သူ့ရဲ့စကားကိုယူပြီးတော့မှ သေသေချာချာ ဒီကိစ္စတွေကို ဆောင်ရွက်နေတာဖြစ်တယ်။ အခုလို ပုံနှိပ်ရေးကိစ္စတွေ၊ ထုတ်ဝေရေးကိစ္စတွေနဲ့ အသံလွှင့်မီဒီယာလုပ်ငန်းကိစ္စတွေကို ဒီလိုပြန်လုပ်လာမယ်ဆိုရင်တော့ ကျနော်တို့သွားနေတဲ့ လွတ်လပ်စွာရေးသားဖော်ပြခွင့်ကိစ္စမှာ ဒါဟာ အနှောင့်အယှက် အတားအဆီးသဖွယ်ဖြစ်လာနိုင်တယ်လို့ ယူဆတယ်။ ဒါကြောင့် လာမယ့်အစည်းအဝေးမှာ ခေါင်းစဉ်တခုနဲ့ ပြန်ဆွေးနွေးဖို့ အလားအလာရှိနေတယ်။”

ရန်ကုန်တိုင်းမ်မီဒီယာဂရုပ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးကိုကို (စက်မှုတက္ကသိုလ်) ကတော့ ပြန်ကြားရေးဝန်ကြီးဌာနတခုတည်း ဆုံးဖြတ်တာထက် အစိုးရအဖွဲ့အနေနဲ့ ဆုံးဖြတ်ပေးတာ ပိုကောင်းမယ်လို့ ပြောပါတယ်။

“ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်ယူရမယ် ပြောတဲ့အခါမှာ ဥပဒေကြောင်းအရ ပျော့ပျောင်းသွားတာတွေ့ရတယ်။ ၀န်ကြီးဌာနကပေးရင်ရမယ်၊ မပေးရင်မရဘူး။ အဲတော့ ၇၀ ဖြစ်မလား၊ ၃၀ ဖြစ်မလား၊ ၄၀ ဖြစ်မလား၊ ၆၀ ဖြစ်မလား ၀န်ကြီးဌာနရဲ့ သဘောထားဆိုတာ ၀န်ကြီးဌာနက ရင်းနှီးမြှုပ်နှံမှုကိုဆုံးဖြတ်တဲ့အခါမှာ အရမ်း လုပ်ပိုင်ခွင့်ရှိသွားတဲ့ သဘောဖြစ်တယ်။ ဆရာကိုယ်ပိုင်အယူအဆအရ ပြောရရင်တော့ ဒီလုပ်ငန်းတွေဟာ အင်မတန် နက်နဲကျယ်ပြန့်တဲ့လုပ်ငန်းတွေဖြစ်တယ်။ ဒီကိစ္စတွေဆုံးဖြတ်တာမှာ ၀န်ကြီးဌာန တခုတည်းကထက်စာရင် အစိုးရအဖွဲ့ကနေ ဆုံးဖြတ်ပေးတာမှ ပေါင်းစုံဆွေးနွေးနိုင်မယ်လို့ မြင်တယ်။ ပေးမယ်ဆိုတာကို ကတ်ဘိနက်က ဆုံးဖြတ်လုပ်ရင်တော့ ပိုကောင်းမယ်လို့ မြင်တယ်။”

ပြည်ပမှာ အခြေစိုက်နေထိုင်တဲ့ အလွတ်တန်းသတင်းစာဆရာ ဦးဇင်လင်းကတော့ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အခုလို ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

“တီဗွီ၊ ရေဒီယိုနဲ့ ပတ်သက်လို့ ထိန်းသိမ်းစောင့်ကြပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ ဒီလိုအဖွဲ့အစည်းမျိုးလည်း တိတိပပ ရှိတာမဟုတ်ဘူး။ ဖိနှိပ်တဲ့ ဥပဒေသဘောမျိုးပဲ ရှိတာ။ စာနယ်ဇင်းကောင်စီတောင် အခုမှ ဖွဲ့ရတာဆိုတော့ တီဗွီတို့ ရေဒီယိုတို့ဟာ စနစ်တကျ၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်း သွားတော့မယ်ဆိုရင် အစိုးရက ဒါကို မထိန်းကွပ်ရဘူး။ ကျွမ်းကျင်သော လူထုက လက်ခံပြီး ကိုးစားယုံကြည်သော ပုဂ္ဂိုလ်များနဲ့ လွတ်လပ်တရားမျှတပြီး သမာသမတ်ရှိတဲ့ အဖွဲ့ဖွဲစည်းပြီး အဖွဲ့ကနေ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဘယ်ဟာကတော့ ဖြစ်သင့်တယ်။ ဒါတွေကို ခွင့်ပြုဖို့ဆိုတာကလည်း မီဒီယာဥပဒေရေးဆွဲဖို့ခွင့်ပြုသလိုပဲ။ တီဗွီ၊ အက်ဖ်အမ်နဲ့ပတ်သက်လို့ရော ကြိုတင်ရေးဆွဲဖို့လိုသေးတယ်။ ကျနော်တို့ဆီမှာ ဒါတွေက လုံးဝမရှိသေးဘူး။

“စောစောပိုင်းကြားနေရတုန်းက စာပေစိစစ်ရေးနဲ့ သတင်းစာဆရာတွေနဲ့ ပြဿနာတက်နေတုန်းကလည်းပဲ သူတို့ပြောတာက သူတို့လုပ်နေတာ ပုံနှိပ်မီဒီယာတခုတည်းပဲ ရှိသေးတယ။ ကျန်တာတွေ ဘာမှမပါသေးဘူး။ အသံလွှင့်လုပ်ငန်းနဲ့ အင်တာနက်တို့ရော ဒါတွေမပါသေးဘူးပေါ့။ ဆိုလိုတာက ကြေညာချက်အတိုင်းဆိုရင်တော့ အစိုးရက ဒီကိစ္စတွေကို တိုက်ရိုက်ကွပ်ကဲမယ်။ အဲတော့ သူတို့ပေးချင်တဲ့လူကိုပဲ ပေးမယ်။ ငွေကြေးအင်အားနိုင်တဲ့သူ ဒါမှမဟုတ် သူတို့နဲ့ အလွမ်းသင့်တဲ့လူတွေပေါ့။ အများစုကတော့ ခရိုနီနဲ့ သူတို့နဲ့နီးစပ်တဲ့လူတွေက ဒီအခွင့်အရေးရဖို့ ပိုနီးစပ်တယ်။ သူတို့က ငွေကြေးလည်းနိုင်တယ်။ အချင်းချင်းလည်း ယုံကြည်မှု နားလည်မှုပိုရှိကြတော့၊ အစိုးရလက်ထဲပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတော့ ဒီလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံခွင့်ကိစ္စမှာ အခုအတိုင်းဆို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနအဆုံးအဖြတ်ကပဲ အတည်ဖြစ်မယ့် သဘောပေါ့။ လူ့အဖွဲ့အစည်းမှာ အသံလွှင့်မီဒီယာတွေနဲ့ပတ်သက်လို့ လွတ်လွတ်လပ်လပ် အခြေခံဥပဒေ အပိုဒ် ၁၉ နဲ့ ညီညွတ်တဲ့ လွတ်လပ်တဲ့ဥပဒေဖွဲ့စည်းပုံမျိုးလည်း မရှိသေးဘူး။ အကဲဖြတ်ဖို့ ကျွမ်းကျင်သူ ပညာရှင်အဖွဲ့အစည်းမျိုးလည်း မရှိသေးတော့  ကြေညာချက်အတိုင်းဆိုရင် ဒီကိစ္စတွေကို အစိုးရကပဲ ပြန်ကြားရေးဝန်ကြီးဌာနကပဲ စီမံဆုံးဖြတ်သွားမယ်လို့ ယူဆတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013