တပ်နှင့်ပတ်သက်သည့်အမှုများကို အကာအကွယ်ပေးနေဟု လူ့အခွင့်အရေးကော်မရှင် ဝေဖန်ခံရ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC)ဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ အမှုတွေကို ကိုင်တွယ်လိုစိတ်မရှိဘဲ အကာအကွယ်ပေးသလိုဖြစ်နေတယ်လို့ ပြည်တွင်း လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်ပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးအခြေခံတဲ့စဉ်းစားချက် ကင်းမဲ့နေပြီး ကော်မရှင် ဥပဒေမှာ ဖွဲ့စည်းတည်ဆောက်ပုံပိုင်းဆိုင်ရာ ပြဿနာတွေရှိနေလို့ မထိရောက်ဘူးဖြစ်နေတယ်လို့ အရပ်ဘက်အဖွဲ့ပေါင်း ၂၀ စုပေါင်းပြီး ဒီနေ့ထုတ်ပြန်လိုက်တဲ့ “အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မျိုးဆက်လှိုင်း(Generation Wave)အဖွဲ့ဝင်ကိုဘိုဘိုက“လူ့အခွင့်အရေးချိုးဖောက်မှုတွေ များလာတဲ့အချိန်မှာ အထူးသဖြင့် ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို MNHRC က ကိုင်တွယ်လိုတဲ့ဆန္ဒမရှိတာ ဒါမှမဟုတ် မကိုင်တွယ်နိုင်တာတွေ ဖြစ်နေတယ်။ အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ အမှုတွေဆို ရင် MNHRC က ကိုင်တွယ်လိုတဲ့ဆန္ဒမရှိဘူး” လို့ ပြောပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ၂၀၁၈ ခုနှစ်ကဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို ခြုံငုံ သုံးသပ်ထားပြီး ၂၀၁၉ ခုနှစ်အစောပိုင်းကာလမှာဖြစ်ခဲ့တဲ့ အဓိကဖြစ်ရပ်တွေကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။
ဒီထဲမှာ မြန်မာစစ်တပ်က အရပ်သားတွေအပေါ်ခြိမ်းခြောက်တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီး တာ၊ စိတ်ထင်သလို ဖမ်းဆီးချုပ်နှောင်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေကို မီးမောင်းထိုးပြထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဦးရေ တိုးလာတာကို လည်း ထောက်ပြထားပါတယ်။
ရိုက်တာသတင်းထောက် ၂ ယောက်အပေါ် တရားစီရင်တာနဲ့ ၂၀၁၈ ခုနှစ် မေလမှာဖြစ်ခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးလှုပ်ရှားမှု ဆန္ဒပြပွဲတွေကြောင့် ၄၇ ယောက် အဖမ်းခံရတာမှာ MNHRC ဟာ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ရင်ဆိုင်ပြီး သတင်းထောက်တွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လူသိရှင်ကြား ကာကွယ်ဆောင်ရွက် ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အသံအဖွဲ့က မောင်ဆောင်းခက “MNHRC အနေနဲ့ လူ့အခွင့်အရေးကိစ္စတိုင်းကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ဆိုရင် ပထမဦးဆုံး လက်ရှိကော်မရှင်အဖွဲ့ဝင်တွေအစား လူ့အခွင့်အရေးကို တကယ်လေးစားလိုက်နာတဲ့ သူတွေနဲ့ ပြောင်းလဲဖို့လိုပါတယ်။ ဒုတိယအနေနဲ့က ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ကို ချဲ့ထွင်နိုင်ဖို့ ဥပဒေ ပြင်ရမယ်” လို့ ပြောပါတယ်။
MNHRCအနေနဲ့ တချို့အရပ်ဘက်အဖွဲ့တချို့နဲ့ပူးပေါင်းဆောင်ရွက်လာတာ၊ အကျဉ်းထောင် တွေကို သွားရောက်စစ်ဆေးတာတွေလုပ်လာတာကို တိုးတက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးမှာတော့ အားနည်းနေတုန်းပဲလို့ဆိုပါတယ်။
ရှေ့ပြေးအသံအဖွဲ့က ရင်ဖူဂျီမတ်ဆုက“HRD (လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ )တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျူးလွန်ခံရသူတွေနဲ့ ရှင်သန်လွတ်မြောက်လာသူတွေအတွက် ခါတိုင်းထက် ပိုပြီး မဟာမိတ် လိုအပ်နေတဲ့အချိန်မှာ MNHRC က ဆိုးရွားလွန်းတဲ့ပြစ်မှုတွေကို ဖုံးကာပေးဖို့အတွက် လုပ်နေတယ်” လို့ ဝေဖန်ပါတယ်။
အစီရင်ခံစာမှာ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ရွေးချယ်ရေးအဖွဲဝင်တွေကို အုပ်ချုပ်ရေးပိုင်းရဲ့ သြဇာကင်းပြီး လွတ်လပ်လာအောင်ဆောင်ရွက်ပေးဖို့ စတာတွေကို အစိုးရကို တောင်းဆိုထားပြီး ကော်မရှင်အနေနဲ့လည်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုပြီး ချဲ့ထွင်ဖို့ အကြံပြုထားပါတယ်။
The Seagullအဖွဲ့ဝင် မစုချစ်က “အခြေခံမူလ လူ့အခွင့်အရေးတွေကို နားလည်မှုလည်း မရှိခဲ့ဘူး။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးလည်း နောက်ခံသမိုင်းကြောင်း မကောင်းခဲ့တဲ့ စစ်တပ်နဲ့ နီးစပ်နေတဲ့လူတွေ၊ အရာရှိဟောင်းတွေပါနေတဲ့ ကော်မရှင်အဖွဲ့ဝင်တွေက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ကာကွယ်ပေးမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ” လို့ ပြောပါတယ်။
လက်ရှိ ကော်မရှင်အဖွဲ့ဝင်တွေရဲ့သက်တမ်းဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်ပေမယ့် ကော်မရှင်အဖွဲ့ဝင်အသစ် ရွေးချယ်ဖို့နဲ့ ပတ်သက်ပြီး အခုထိ တရားဝင် ကြေညာတာတစုံတရာမတွေ့သေးဘူးလို့လည်း အဖွဲ့အစည်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လကလည်း ကော်မရှင်အဖွဲ့ဝင်တွေ စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ်၊ အကျဉ်းထောင်တွေကို ကြိုတင်အကြောင်းမကြားဘဲ သွားရောက်နိုင်ရေး၊ တရားရုံးမှာ ကြားနာ ဆဲအမှုတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် လိုအပ်တဲ့ဥပဒေကို ပြင်ဆင်ဖို့ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့နဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများလုပ်ငန်းအဖွဲ့က တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပိုမိုလွတ်လွတ်လပ်လပ်လုပ်ကိုင် နိုင်ဖို့ လက်ရှိအစိုးရနဲ့ လွှတ်တော်အနေနဲ့ ဥပဒေတွေ ပြင်ဆင်ပေးသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ (International Commission of Jurists -ICJ) က တိုက်တွန်း အကြံပြုထားပါတယ်။











