DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူရှိ တရုတ်စီမံကိန်းများ အကောင်အထည်ဖော်ရန် စစ်တပ်အရာရှိများဖြင့် ကော်မတီ ပြင်ဆင်ဖွဲ့စည်း
DVB
·
September 28, 2026
Photo: MOI
Photo: MOI
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေချိန်မှာ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ ရခိုင်ပြည်နယ်က စစ်တပ်အရာရှိကြီးတွေ ပါဝင်တဲ့ ကော်မတီကို စက်တင်ဘာ ၂၄ ရက်က စစ်အာဏာရှင်အစိုးရ ဒု-သမ္မတ ဦးညိုစောရဲ့ အမိန့်နဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။

တရုတ်အစိုးရပိုင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီလို့ အမည်ပေးတဲ့ အဲဒီကော်မတီမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးဝင်းမြင့်ခိုင်က ဥက္ကဋ္ဌ တာဝန်ယူထားပြီး၊ ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီး၊ ဓညဝတီ ရေတပ်ဌာနချုပ်က ဌာနချုပ်မှူး/ဒုဌာနချုပ်မှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးချုပ် အဆင့်ရှိ တိုင်းဦးစီးမှူး တို့အပါဝင် လူ ၈ ဦးနဲ့ ဖွဲ့စည်းလိုက်တာလည်းဖြစ်ပါတယ်။

စစ်တပ်အရာရှိကြီး ၃ ဦး ပါဝင်တဲ့ ကော်မတီ ဖွဲ့စည်းမှုဟာ စစ်အာဏာရှင်တပ်အနေနဲ့ တရုတ်အစိုးရရဲ့ အကျိုးစီးပွားကို ကာကွယ်ပြပြီး ရခိုင်ပြည်နယ်အတွင်း ခြေကုပ် ဆက်လက်ရယူနိုင်ဖို့ ကြိုးပမ်းတဲ့ လှည့်ကွက်တခုသာ ဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“အခု ကော်မတီက အရင်ကတည်းက ဖွဲ့ထားပြီးသားပါ။ အခုတော့ စစ်ဖက်ဆိုင်ရာ အရာရှိကြီးတွေကို ဖြည့်ပြီး စစ်တပ်အနေနဲ့ တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးနိုင်တယ်၊ အကောင်အထည်ဖော်ပေးနိုင်တယ် ဆိုတဲ့ သဘောမျိုးနဲ့ တရုတ်အစိုးရကို ပျားရည်နဲ့ ဝမ်းချတာလောက်ပါပဲ။ စစ်ကောင်စီ အနေနဲ့လည်း လားရှိုး ကျကတည်းက တရုတ် ပေးထားတဲ့ အသက်ပဲ ရှိတော့တာဆိုတော့ တရုတ်အကျိုးစီးပွားကို ကာကွယ်ပေးမယ်လို့ ဟန်ဆောင်ပြီး ရခိုင်ပြည်နယ်က လက်ကျန်မြို့နယ်တွေမှာ ခြေကုပ်ရယူနိုင်ဖို့ တဖက်လှည့်နဲ့ ကြိုးပမ်းလာနေတာ။”

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ၂၀၁၆ ခုနှစ် အောက်တိုဘာလကတည်းက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အရင်က အရပ်ဘက် အစိုးရတာဝန်ရှိသူတွေကပဲ ကော်မတီမှာ ပါဝင်ခွင့် ရရှိရာကနေ လက်ရှိမှာ စစ်ဘက်အရာရှိတွေနဲ့ အစားထိုးလာတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်တို့ဟာ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး တရုတ်စီမံကိန်းတွေနဲ့ တရုတ်အစိုးရရဲ့ ဖိအားတွေကြောင့်လည်း အာရက္ခတပ်တော်ဘက်က စစ်ရေးဖော်ဆောင်မှုတွေကို တခြားမြို့နယ်တွေထက် အကန့်အသတ်နဲ့ ဖော်ဆောင်နေကြရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၅ ရွေးကောက်ပွဲနဲ့ အတူတက်လာတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးဟာလည်း ဝန်ကြီးချုပ် သက်တမ်း ၅ လအတွင်းမှာ ကျောက်ဖြူမြို့နယ်က တရုတ်စီမံကိန်းတွေကို ၂ ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး သူတို့ရဲ့ အကာအကွယ်ရဲ့ ဂရုစိုက်မှုအောက်မှာရှိကြောင်း ပြသခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ တရုတ်အစိုးရရဲ့ အထူးစီးပွားရေးဇုန်(SEZ)၊ ရေနက်ဆိပ်ကမ်း၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ အပါဝင် စီမံကိန်းအများအပြား တည်ရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း စနဲမြို့နဲ့ တောင်မော်ဦး ရေတပ်အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေကြပြီး မြေပြင်စစ်ကြောင်းတွေဟာ ရှေ့တိုး၊ နောက်ဆုတ် ပုံစံလိုမျိုးဖြစ်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ကျောက်ဖြူမြို့နယ်အထဲ ထိတွေ့တိုက်ပွဲတွေက နေ့တိုင်း ရှိတယ်ဗျာ။ အဓိက စစ်တပ်ရဲ့ စစ်ကြောင်း လှုပ်ရှားမှုအပေါ် မူတည်ပြီး AA ဘက်က ရွေ့လျားပြီး တန်ပြန်တိုက်ခိုက်တာ။ အဓိကတော့ စနဲ့မြို့နယ် တောင်မော်ဦးရေတပ် အဝတောင်ရွာကြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေကြတာ။ စစ်တပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေပေးပြီး မြေပြင်ထိုးစစ်ဆင်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေတာ။ စစ်ကြောင်းတွေကတော့ ရှေ့တိုးလိုက် ပြန်နောက်ဆုတ်လိုက် ပုံစံမျိုးပဲ။”

ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သံတမန် အဖွဲ့တွေဟာ ကျောက်ဖြူမြို့နယ်က တရုတ်စီမံကိန်းတွေကို သွားရောက်ခဲ့ကြပြီး သူတို့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်မယ်လို့ ကတိပေးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းတွေမှာ တရုတ်နိုင်ငံသား လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၄ ခုနှစ်ကတည်း ရောက်ရှိနေကြပြီး စစ်အာဏာရှင်တပ်ကို နည်းပညာအရ အကူအညီတွေ ပေးနေတယ်လို့ မြေပြင်မှာ သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာအများစုကို အာရက္ခတပ်တော်က ထိန်ချုပ်ထားပြီး တရုတ်စီမံကိန်းတွေနဲ့ မြို့ပေါ်လောက်ကိုပဲ စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဘက်ကလည်း ရခိုင်ပြည်နယ်ရှိ ပြည်သူ့တွေအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမဲ့ ဘယ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုမဆို ကာကွယ်စောင့်ရှောက်သွားမယ်လို့ အသီးသီး အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013