ICJ တွင် တရားစွဲဆိုထားမှု တုံ့ပြန်ရန် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်သို့ ထွက်ခွာ
DVB
·
December 8, 2019
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆို လျှောက်ထားတာကို တုံ့ပြန်ဖို့အတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို ဒီနေ့ မနက်ပိုင်းက အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။
ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေးဖို့ လျှောက်ထားချက်နဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက နှုတ်နဲ့ လျှောက်လဲ တင်သွင်းတာတွေကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက် နဲ့ ၁၂ ရက်တို့မှာ ပြုလုပ်သွားမှာပါ။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ အဆိုပါတရားရုံးမှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ဦးဆောင်ကာကွယ်ပြောကြားသွားမယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နဲ့ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens နဲ့ တာဝန်ရှိသူတွေက ပို့ဆောင်နှုတ်ဆက်ကြပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အဖွဲ့ဝင်တွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က တာဝန်ရှိသူတွေ လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။