DVB Logo
Home
မြန်မာသတင်း
ဂူတာပြင် ဖြစ်စဉ် စစ်တရားရုံးတွင် ဆက်စစ်
DVB
·
December 7, 2019
ဂူတာပြင် ဖြစ်စဉ် စစ်တရားရုံးတွင် ဆက်စစ်
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ရွာမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ ဆက်လက်စစ်ဆေးနေတယ်လို့ တရားခွင်ဓာတ်ပုံနဲ့တကွ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေတွေနဲ့ဖွဲ့စည်းခဲ့တဲ့ စစ်တရားရုံးဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေဟာ စစ်တရားရုံး (Court-Martial) ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရုံးထိုင် စစ်ဆေးတာကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်မှာ စတင်ခဲ့တာပါ။

လက်ရှိမှာတော့ တပ်မတော်သား တရားလိုဘက်သက်သေတွေကို စစ်မေးတာ၊ အရပ်သား တရားလိုဘက်သက်သေတွေကို စစ်မေးတာတွေ လုပ်နေတယ်လို့ ထုတ်ပြန်ထားပြီး စွပ်စွဲခံရသူတွေကို စစ်မေးတာနဲ့ တရားခံဘက်သက်သေတွေ စစ်မေးတာတွေကို စစ်တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တပ်မတော်ရဲ့ ပြီးခဲ့တဲ့ထုတ်ပြန်ချက်တွေအရ တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေ တွေအညီဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်မြတ်ကျော်ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့  စုံစမ်းစစ်ဆေးရေးခုံရုံးက ဂူတာပြင်ကျေးရွာဖြစ်စဉ်တချို့မှာ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်သင့်တယ်လို့ တင်ပြခဲ့လို့ အကျဉ်း စစ်တရားရုံးချုပ် (Summary General Court-Martial) နဲ့ ရုံးထိုင်စစ်ဆေးခဲ့တာပါ။

တပ်မတော်အနေနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်(Independent Commission of Enquiry- ICOE)နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး  ICOE ရဲ့အစီရင်ခံစာ ထွက်ရှိလာချိန် အစီရင် ခံစာမှာ တပ်မတော်သားတွေက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်မှုရှိရင် ဥပဒေနဲ့ အညီ ဆက်လက်စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဆိုထားပါတယ်။

ICOE ကတော့ သူတို့ရဲ့ နောက်ဆုံးအစီရင်ခံစာမူကြမ်းထွက်လာဖို့ ဆက်လက်ဆွေးနွေး နေတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ထားပါတယ်။

၂ဝ၁၇ ခုနှစ် ဩဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်တွေအပြီးမှာ  လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုအတွင်း သေဆုံးခဲ့တဲ့ ရာနဲ့ချီတဲ့ လူတွေရဲ့ ရုပ်အလောင်းတွေကို ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာနားမှာ မြှုပ်ထားတယ်လို့ အေပီ သတင်းဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က သတင်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်နည်းဥပဒေတွေအရဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး(Court of Inquiry)ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောနယ်မြေကို နှစ်ကြိမ်တိုင်တိုင် သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးခဲ့တဲ့ ၂ ကြိမ်အတွင်း တွေ့ရှိချက်တွေအရ ဂူတာပြင်ရွာ ဖြစ်စဉ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တာကြောင့် စစ်စည်းကမ်းအရ အရေးယူဖို့ အခြေအနေ ပေါ်ပေါက်နေတာကို တွေ့ရတယ်လို့လည်း တပ်မတော်ဘက်က ပြောထားပါတယ်။

Photo : cincds

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013