
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆောင်ရွက်ရာမှာ Free Trade Zones(FTZs) တွေ နဲ့ အထူးစီးပွားရေးဇုန်တွေကို အသုံးချပြီး တရားမဝင် ကုန်သွယ်တာတွေ မလုပ်နိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ချမှတ်ကာကွယ်သွားကြရမယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားပါတယ်။
ဒီဇင်ဘာ ၆ ရက်က တနင်္သာရီတိုင်းက ထီးခီးနဲ့မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို သွားရောက် ကြည့်ရှု့စစ်ဆေးချိန်မှာ အဲဒီစခန်းတွေရဲ့ကုန်သွယ်ရေးဦစီးဌာနက အရာထမ်းတွေကို အခုလို မှာကြားခဲ့တာပါ။
“တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ဖို့ တိုင်းဒေသကြီးနဲ့သင့်လျော်တဲ့ နည်းဗျူဟာတွေ ချမှတ်ပြီး ဟန်ချက်ညီညီ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ဖို့လိုသလို Free Trade Zones(FTZs)တွေနဲ့ အထူးစီးပွားရေးဇုန်တွေကို အသုံးချပြီး တရား မဝင်ကုန်သွယ်တာတွေ မလုပ်ဖို့ ထိရောက်တဲ့နည်းလမ်းတွေ ချမှတ်ကာကွယ်သွားကြရမယ်။”
အခုလို နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို လာရောက်တာဟာ နိုင်ငံအတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ တိုးတက်ရရှိဖို့၊ ပြည်တွင်းက MSME တွေကို အကာအကွယ်ပေးနိုင်ဖို့၊ တရားမဝင် ကုန်သွယ်တာတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့၊ လာဘ်ပေးလာဘ်ယူတာတွေကို ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့နဲ့ ဈေးကွက်အတွင်း မှန်ကန်စွာ ယှဉ်ပြိုင် လုပ်ကိုင်နိုင်စေဖို့ ဖြစ်တယ်လို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌလည်း ဖြစ်သူ ဦးမြင့်ဆွေက ဆိုပါတယ်။
တရားမဝင် ကုန်သွယ်တာတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေ ညွှန်းကိန်းအဆင့်မှာ မြင့်တက်လာတာနဲ့ပတ်သက်လို့ ဒုသမ္မတ ဦးဆောင်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဈေးကွက်မှာ မျှတစွာ ယှဉ်ပြိုင်ရပ်တည်နိုင်ဖို့နဲ့ စားသုံးသူတွေကို အကာအကွယ်ပေးဖို့ တိုင်းဒေသကြီး/ ပြည်နယ်မှာ ဖွဲ့ထားတဲ့ တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အပြင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရာမှာ ဆုပေး၊ ဒဏ်ပေးစနစ်ကို ထိရောက် လျင်မြန်စွာ ကျင့်သုံးဆောင်ရွက်သွားကြရမယ်လို့ ဒုသမ္မတက ပြောပါတယ်။
ထားဝယ်မြို့နဲ့ ၉၇ မိုင်ဝေးတဲ့ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကို နဘုလယ်မှာ ၂၀၁၁ ခုနှစ် မတ်လက ယာယီဖွင့်လှစ်ခဲ့ကာ ၂၀၁၃ ခုနှစ် မေလမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးခီးကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး အလားတူ မြိတ်မြို့နဲ့ ၁၁၈ မိုင် ဝေးတဲ့ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ် မေလမှာ ဖွင့်လှစ်ခဲ့ပါတယ်။
Photo : Myanmar President Office











