
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို စစ်အာဏာရှင်တပ်က ဇွန် ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေ ကြဲချသွားတာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံတယောက်ဖြစ်တဲ့ ကိုနဂါးလေးက “စစ်ကိုင်းမြို့နယ် မြောက်ခြမ်းမှာရှိတဲ့ တလိုင်း(ထီးလှိုင်)ရွာရဲ့ အရှေ့ဖျားကို နေ့လယ် ၂ နာရီ ၁၅ မိနစ်ကစပြီး ၅ မိနစ်အတွင်း ဗုံး ၂ လုံး ကြဲချသွားပြီး စက်လတ်နဲ့ပါ ပစ်ခတ်သွားတာပါ။ ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် ၈ ယောက် သေဆုံးသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ဦးရေ ၂၀ အထက်ရှိပြီး အဲဒီထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိနေပါတယ်။ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးပါသေးတယ်” လို့ DVB ကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားကြသူတွေဟာ မောင်နှမတွေဖြစ်ကြတဲ့ အသက် ၆ နှစ်အရွယ် မဂျူးဂျုးနဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဟန်လင်းထက်တို့ အပါအဝင် အသက် ၂၀ အရွယ် ကိုနိုးနိုး၊ အသက် ၅၀ အရွယ် ဒေါ်သင်း၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ဝင်း၊ အသက် ၄၀ အရွယ် မသန်းသန်းစိုးနဲ့ သူ့ရဲ့ သား၊ သမီးတွေ ဖြစ်ကြတဲ့ အသက် ၈ နှစ်အရွယ် သားငယ်တယောက်နဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်တယောက်တို့ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဇွန် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ မထိုးခင်ကလည်း စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ် အစပ်မှာရှိတဲ့ စဉ့်ကိုင်လမ်းစုံကို တွင်းငယ် တတက ၁၃ ထဲကနေ တက်လာတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတာကြောင့် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “တလိုင်း(ထီးလှိုင်) ရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားခဲ့တဲ့ ဂျက်ဖိုက်တာက တံတားဦးလေတပ်စခန်းကနေ တက်လာတာပါ။ လက်ရှိအနေအထားအရ အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတွေဘက်မှာ တိုက်ပွဲဖြစ်နေတာ မရှိပါဘူးဗျ။ ပြည်သူကို ရန်သူလိုသတ်မှတ်ပြီး စစ်ရေးနဲ့မသက်ဆိုင်တဲ့ ပြည်သူတွေ နေထိုင်ကြတဲ့ ရွာကို အကြောင်းမဲ့သက်သက် လေကြောင်းတိုက်ခိုက်သွားတာပါ” လို့ ပြောပါတယ်။
ဇွန် ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း တံတားဦးလေတပ်က တက်လာတဲ့ ဖိုက်တာတစီးနဲ့ မကွေးလေတပ်က တက်လာတဲ့ ဖိုက်တာတစီးတို့က ဝက်လက်နယ် အရှေ့တောင်ပိုင်းက စဉ့်ကိုင်ရွာ၊ မတ္တရာမြို့နယ် အနောက်ခြမ်း မိုးကြိုရွာနဲ့ ရေလယ်ကျွန်းရွာတွေကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ဆက်တိုက် လုပ်သွားခဲ့ကြလို့ အသက် ၂၆ နှစ်ဝန်းကျင်တွေဖြစ်ကြတဲ့ လင်မယား ၂ ယောက် အပြင်းအထန် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေ ထိစပ်နေတဲ့ နေရာတွေမှာ အခုလပိုင်းအတွင်း စစ်တပ်က စစ်ကြောင်းထိုးတာတွေ မရှိသလို တိုက်ပွဲဖြစ်နေတာလည်း မရှိပေမဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်ကြဖို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။










