DVB Logo
Home
မြန်မာသတင်း
စစ်ဦးစီးချုပ်၏ ဇနီးနှင့်ကလေးများကို ဖမ်းဆီးမှု ဆိုးကျိုးကို ဦးတည်စေမည်ဟု အေအေ သတိပေး‌
DVB
·
December 7, 2019
စစ်ဦးစီးချုပ်၏ ဇနီးနှင့်ကလေးများကို ဖမ်းဆီးမှု ဆိုးကျိုးကို ဦးတည်စေမည်ဟု အေအေ သတိပေး‌
Donate to DVB

ရက္ခိုင့်တပ်မတော်(အေအေ)အဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေး ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာကို အေအေအဖွဲ့ဘက်က အတည်ပြု ပြောဆိုခဲ့ပြီး အခုလို ဖမ်းဆီးမှုကြောင့် ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုပြီး ဦးတည်သွားစေနိုင်မယ်လို့ အေအေအဖွဲ့က ပြောပါတယ်။

“အဖမ်းခံရတာကတော့ ဟုတ်ပါတယ်။ ထိုင်း လ.ဝ.ကမှာ ဗီဇာသက်တမ်းသွားတိုးတဲ့အခါမှာ ဗမာအစိုးရကနေ နှစ်နိုင်ငံ သံတမန်နည်းအရ ဖိအားပေးပြီး ပတ်စ်ပို့ကို သိမ်းသွားတယ်။ လက်ရှိအချိန်ထိတော့ ဖမ်းထားတယ်လို့ပဲ ကြားတယ်၊ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ဒီလို ဖမ်းဆီးတဲ့ကိစ္စကတော့ လုံးဝ မလုပ်သင့်တဲ့ကိစ္စပါ၊ လက်ခံစရာမရှိတဲ့ ကိစ္စတခုပါပဲ။ ခုလို လူမမည်ကလေးတွေကိုပါ ဖမ်းတာက ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပိုပြီးတော့ ဦးတည်သွားစေမှာပဲ” လို့ အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူနဲ့ကလေး ၂ ဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဗီဇာသက်တမ်းတိုးမြှင့်ဖို့ သွားရောက်ရာမှာ ထိုင်းထောက်လှမ်းရေးအဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး မနှင်းဇာဖြူဟာ အသက် ၃၉ နှစ်အရွယ်ရှိပြီး အသက် ၁၁ နှစ်အရွယ် သမီးစောပြည့်ရှင်နဲ့ ၁၁ လသားအရွယ် သားမြတ်လင်းဇင်တို့ကိုတော့ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို ပြန်လည်လွှဲပေးဖို့ စီစဉ်ထားပေးမယ့် လက်ရှိအချိန်ထိတော့ မရောက်ရှိလာသေးဘူးလို စုံစမ်းသိရပါတယ်။

အခုလို ဖမ်းဆီးတာနဲ့ တပ်မတော်ဘက်ကတော့ သူတို့ ဖမ်းဆီးခိုင်းတာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး ဖမ်းဆီးရတဲ့ အကြောင်းအရာကိုတော့ ပြည်ထဲရေးနဲ့အစိုးရကိုသာ မေးမြန်းဖို့ ပြောဆိုခဲ့ပါတယ်။

“လက်ရှိကတော့ ကျနော်တို့လည်း တက်လာတဲ့ သတင်းတွေလောက်ပဲ သိရတာ အသေးစိတ်ကတော့ မသိသေးပါဘူး။ ထိုင်းက လုံခြုံရေးအဖွဲ့တွေကဖမ်းပြီး မြန်မာဘက်ကို လွှဲမယ်လို့ပဲ သိသေးတယ်၊ အသေးစိတ်ကတော့ ပြည်ထဲရေးနဲ့ အစိုးရကိုပဲ မေးရင် ပိုသိနိုင်မယ် ကျနော်တို့ ဖမ်းခိုင်းတာတော့ မဟုတ်ပါဘူး“ လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အခုလို ဖမ်းဆီးတာဟာ ပြစ်မှုကျူးလွန်လို့သာ ဖမ်းဆီးခံရခြင်း ဖြစ်တယ်လို့ တပ်မတော်ဘက်က ဆက်လက်ပြောဆိုပြောဆိုပါတယ်။

“ထိုင်းနိုင်ငံမှာ ဖမ်းတယ်ဆိုတာကလည်း သူရဲ့ဥပဒေကို ချိုးဖောက်လို့ ဒါမှမဟုတ် ကျနော်တို့ရဲ့ တည်ဆဲဥပဒေကို ချိုးဖောက်လို့ ဖမ်းတာပေါ့၊ လူတယောက်ကို ဖမ်းချင်တိုင်း ဖမ်းလို့မှ မရတာ။“ 

သမီးနဲ့မြေးတွေ အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးစံကျော်လှက စိတ်မကောင်းအလွန်ဖြစ်ရပြီး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ မသိရှိရသေးတာကြောင့် တစုံတရာ ပြောလိုကြောင်း မရှိသေးဘူးလို့ဆိုပါတယ်။

“အဖမ်းခံရတယ်ဆိုတာ သတင်းတွေ တက်လာမှပဲ သိရတာ၊ ဘာကြောင့် ဒီကိစ္စတွေ ဖြစ်တယ်ဆိုတာ ပြောဖို့ခက်တယ်၊ စောင့်ကြည့်ရမှာပေါ့၊ ဖြစ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး ပြောသင့်တာကို ပြောရမှာပေါ့” လို့ ဦးစံကျော်လှက ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ပြည်ထဲရေးဌာနကို ဆက်သွယ်ရာမှာတော့ လက်ရှိ သတင်းရေးတဲ့အချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူနဲ့ ယောက်ဖတို့ကို ထိုင်းနိုင်ငံ ချင်းမိုင်က ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013