DVB Logo
Home
Lead Story
အသက် ၈၀ ကျော် အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ ဒေါ်အေးကြည်ရဲ့ အကအလှအွန်လိုင်းပေါ် နာမည် ကြီးနေ(ရုပ်သံ)
DVB
·
December 6, 2019
အသက် ၈၀ ကျော် အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ ဒေါ်အေးကြည်ရဲ့ အကအလှအွန်လိုင်းပေါ် နာမည် ကြီးနေ(ရုပ်သံ)
Donate to DVB

အငြိမ့်လို့ ပြောလိုက်တာနဲ့ ဂုဏ်ယူစရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တခုအနေနဲ့ အားလုံးက လက်ခံထားကြပြီး ဖြစ်ပါတယ်။

အဆို၊ အက၊ အတီး ၃ ချက်ညီညီ ပေါင်းစပ်ဖျော်ဖြေရပြီး ကြည့်ရှုသူတွေရဲ့ စိတ်နှလုံး အမြင်အာရုံ၊ အကြားအာရုံတွေကို ငြိမ့်ငြိမ့်ညောင်းညောင်းဖြစ်စေတာမို့ အငြိမ့်လို့ ခေါ်ကြကြောင်း ရှေးပညာရှိတွေက ဆိုခဲ့ကြပါတယ်။

အငြိမ့်မှာတော့ မြန်မာဇာတ်သဘင်တွေလို အဆို၊ အတီး၊ အက၊ အငို၊ အသော၊ အ လွမ်းစတာတွေကို စုပေါင်းပြီး ဇာတ်၊ လုပ်ဇာတ်၊ ဗုဒ္ဓဝင်၊ ရာဇဝင်၊ မဟာဝင် နိပါတ်တော်လာတွေနဲ့ သရုပ်ဆောင်ရတာမျိုး မဟုတ်ပါဘူး။

ထူးခြားတာကတော့ အငြိမ့်မှာ ဇာတ်သဘင်လို မင်းသားမပါဝင်ပဲ အငြိမ့်မင်းသမီးအပါအဝင် ဆိုသူ၊ တီးသူ၊ ကသူအားလုံးဟာ ယဉ်ယဉ်ကျေးကျေး ဆိုကြ၊ တီးကြ၊ ကကြရပြီး တကယ့်ကို သိမ်မွေ့နူးညံ့ တဲ့ သဘင်တရပ်ပဲ ဖြစ်ပါတယ်။

သမိုင်းမှာ ထင်ရှားတဲ့ အငြိမ့်မင်းသမီးတွေအဖြစ် မင်းသမီး စိန်ငုံကြီး၊ စိန်လုံ၊ စိန်နွဲ့ကြီး၊ မ စိန်ညှာ၊ ရေကျော်စိန်ပု၊ ဒေါ်စိန်သုန်ခေတ်ကစလို့ နောက်ပိုင်းအဆက်ဆက်ဆက် ထင်ရှားတဲ့ အငြိမ့်အဖွဲ့တွေ၊ မင်းသမီးတွေ၊ လူရွှင်တော်တွေ အများကြီး ထွက်ပေါ်လာခဲ့ဖူးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးခေတ်မှာတော့ စစ်ကြိုခေတ်ကလောက် အငြိမ့်ဟာ ရေပန်းမစားတော့ပဲ ဖြစ်လာခဲ့ပါတယ်။

စစ်ပြီးခေတ်မှာ ထင်ရှားတဲ့ အငြိမ့်မင်းသမီးတွေထဲမှာတော့ ကောလိပ်မြိုင်၊ တက္ကသိုလ်စိန်၊ မန္တလေးပန်တျာကျောင်းထွက်တွေဖြစ်ကြတဲ့ ယိုးဒယားအမာစိန်၊ ဆိုဗီ ယက်ပြန် နွဲ့နွဲ့စန်းတို့နဲ့အတူ ရွှေလိပ်ပြာကလည်း မင်းသမီးတလက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

လတ်တလောမှာတော့ အသက် ၈၀ ကျော်အရွယ်ရှိနေပေမယ့် အဆိုအက ငြိမ့်ငြိမ့် ညောင်းညောင်းနဲ့ ပညာရှင်ပီပီသသ ကပြခဲ့တဲ့ အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ ဒေါ်အေးကြည်ရဲ့ ဖျော်ဖြေမှုရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာပါ။

အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ ဒေါ်အေးကြည်ဟာ မြန်မာနိုင်ငံ သဘင်ပညာရှင် များအစည်းအရုံးရဲ့ ကန်တော့ခံသက်ကြီးသဘင်ပညာရှင်တဦးလည်း ဖြစ်ပါတယ်။

စိမ်းသင့်မှစိမ်းသီချင်းနဲ့အတူ အရွယ်နဲ့မလိုက်အောင် ဆိုပြကပြနိုင်တဲ့ သူ့ရဲ့ အစွမ်းဟာ တကယ့်ကို အံ့ဩလောက်စရာပါပဲ။

အဆိုရော၊ အကပါအချီအချညီညီ ဆိုင်းသံနဲ့ စည်းချက်ကျကျ သီဆိုကပြနေတဲ့ ရွှေလိပ်ပြာ ဒေါ်အေးကြည်ရဲ့ သီဆိုဖျော်ဖြေမှု ရုပ်သံကိုတော့ House Of Media & Entertainment ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသိန်း ကျော် ရှိနေခဲ့ပြီဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်အောက်မှာတော့ ပရိသတ်တွေက ချီးကျူးအားပေးမှတ်ချက် တွေ ပေးနေခဲ့ကြတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013