DVB Logo
Home
မြန်မာသတင်း
ပထမဆုံး နိုင်ငံတကာ စာပေပွဲတော် ရန်ကုန်တွင် ကျင်းပ
DVB
·
February 1, 2013
ပထမဆုံး နိုင်ငံတကာ စာပေပွဲတော် ရန်ကုန်တွင် ကျင်းပ
1 / 2
Donate to DVB

ပြည်တွင်းပြည်ပက နာမည်ကြီး စာရေးဆရာတွေ အများအပြားပါဝင်တဲ့ နိုင်ငံတကာစာပေပွဲတော်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် စတင်ကျင်းပနေပါတယ်။

ဧရာဝတီစာပေပွဲတော်လို့ အမည်ပေးထားတဲ့ ဒီစာပေပွဲတော်ကို  ဖေဖော်ဝါရီ ၁ ရက်ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပနေတာဖြစ်ပြီး  နိုင်ငံတကာက ဓာတ်ပုံဆရာ၊ စာရေးဆရာတွေနဲ့ မြန်မာနိုင်ငံတွင်းက စာပေ၊ ပန်းချီ၊ ကဗျာဆရာ၊ ဓာတ်ပုံဆရာနဲ့ အနုပညာရှင် ၁၂၀ လောက် တက်ရောက်ဆွေးနွေးနေကြတာပါ။

ဒီပွဲနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ဗြိတိန် သံအမတ်က “အရင်က စိတ်ကူးထားတဲ့ အရာတွေက အကောင်ထည်ပေါ်လာပါပြီ။ တကယ်ကို အံ့ဩစရာပါ။ ဒီပွဲရဲ့ အောင်မြင်မှုကိုပဲ ကျနော်ကလည်း ပြောနေတာပါ။ ဒီအောင်မြင်မှုက ဘယ်လိုလဲဆိုတာကို တော်တော် သဘောပေါက်သွားပြီ ထင်ပါတယ်” လို့ ပြောပါတယ်။

ဒီပွဲကို ကျင်းပဖို့  ရန်ကုန်အခြေစိုက်  ဗြိတိန်ကောင်စီက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ  ဗြိတိန်သံအမတ်ကြီးနဲ့ ဇနီးကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကာ နိုင်ငံတကာ စာပေပညာရှင်တွေနဲ့ အတူ ဧရာဝတီ စာပေပွဲတော်မှာ ပူးပေါင်းပါဝင်ဖို့ မြန်မာ့ စာပေအနုပညာရှင်တွေကို ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

စာပေလှုပ်ရှားမှုမျိုးစုံ ပါဝင်တဲ့ ဧရာဝတီ စာပေပွဲတော်ကနေ အနာဂတ်မှာ မြန်မာစာပေလောကဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေမယ်လို့ ပွဲဖြစ်မြောက်ရေး ၀ိုင်းဝန်းကူညီ ပေးနေတဲ့ စာရေးဆရာ ဖေမြင့်က ပြောပါတယ်။

“ဒီပွဲဖြစ်လာခြင်းအားဖြင့် စာပေယဉ်ကျေးမှုလုပ်ငန်းတွေနဲ့ ပတ်သက်ရင် တဆင့် တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ စာရေးဆရာ၊ စာပေအနုပညာသမားတွေမှာ ကိုယ်တိုင်စုစည်းပြီး ဒီလောက်လူအများကြီးပါဝင်တဲ့ စာပေဆိုင်ရာပွဲမျိုး ကျနော်တို့ လုပ်ကိုင်ခွင့်လည်း မရခဲ့ဘူး။ အခု ပထမဆုံး စပြီး လုပ်ရတော့ ကျနော်တို့အတွက် အများကြီး တန်ဖိုးရှိပါတယ်။ နောက်ပိုင်း ဒီလိုပွဲမျိုးကို မြန်မာစာပေသမားတွေကိုယ်တိုင် ဦးဆောင်စုစည်းပြီးတော့ လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေလည်း မြင်ရပါတယ်။ စိတ်ကူးစိတ်သန်းတွေလည်း အများကြီး ပေါ်လာတယ်။ အဲဒါ ကျနော်တို့ စာပေအတွက် အများကြီး တန်ဖိုးရှိပါတယ်။”

ဒါအပြင်နှစ်ပေါင်းများစွာ စာပေလွတ်လပ်ခွင့်မရှိတဲ့ မြန်မာနိုင်ငံမှာ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် စာပေ လွတ်လပ်ခွင့်ရတာ ဖြစ်တယ်လို့ ဒေါက်တာ ဦးသိန်းလွင်က  ပြောပါတယ်။

“ကျနော်တို့ နှစ်ပေါင်းများစွာ စာပေလွတ်လပ်ခွင့် မရှိခဲ့ဘူး။ ဒါဟာ စာပေလွတ်လပ်ခွင့်ပွင့်လင်းလာတဲ့ ပထမနေ့ပဲ။ ဒီနေ့ကစပြီး နောက်ထပ် စာပေလွတ်လပ်ခွင့်တွေ ရှိလာမယ်၊ ကိုယ့်ရဲ့ ပြောချင်တဲ့ဟာတွေ၊ ရေးချင်တဲ့ဟာတွေ လွတ်လွတ်လပ်လပ်ရေးခွင့်ရှိမယ်၊ နိုင်ငံတကာကို ထုတ်ဝေဖြန့်ချိနိုင်မယ်ဆိုရင် ကျနော်တို့ လူမျိုး၊ နိုင်ငံသားတွေရဲ့ စာပေပညာရပ်တွေကို နိုင်ငံတကာကို ဖြန့်ချိနိုင်မှာပါ။ ဒါဟာ ကောင်းတဲံ နိမိတ်လက္ခဏာဖြစ်ပါတယ်။”

တောင်ကိုရီးယားနိုင်ငံက ပြန်ရောက်လာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မနက်ဖြန်မှာ ဒီပွဲတော်မှာ တက်ရောက် ပြီးတော့ ဒေါက်တာဦးသော်ကောင်းနဲ့  စာအကြောင်းပေအကြောင်း ဆွေးနွေးပြောဆိုဖို့ အစီအစဉ် ရှိပါတယ်။

ဒီပွဲမှာ စာရေးဆရာတွေရဲ့ ဟောပြော ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ စာပေနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုမျိုးစုံနဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေ ဓာတ်ပုံသတင်းထောက်တွေရဲ့ဆွေးနွေးမှုတွေ ပါဝင်ပါတယ်။

ဆွေးနွေးပွဲတွေမှာ နိုင်ငံခြား စာပေပညာရှင်တွေဖြစ်တဲ့ တင်မိုသီဂါတန်အက်ရှ်၊ ရှုးပတ်အဲရိုးစမစ် စတဲ့သူတွေက အင်္ဂလိပ်လို ဟောပြော ဆွေးနွေးမှာဖြစ်ပေမယ့် ဘာသာပြန်ထားရှိပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ စာရေးဆရာတွေဖြစ်တဲ့ ဒေါက်တာသန့်မြင့်ဦး၊ ငြိမ်းဝေနဲ့ မောင်သာနိုးတို့ ဆွေးနွေး ဟောပြောမယ့် အစီအစဉ်တွေလည်းပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013