တိကျသည့် မူဝါဒနှင့် ဥပဒေများ မရှိသဖြင့် မြေသိမ်းစစ်လုပ်ငန်းများ မအောင်မြင်ဟုဆို

မြေသိမ်းစစ်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တိကျပြတ်သားတဲ့ မူဝါဒ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေတွေ မရှိလို့ အောင်မြင်မှု မရှိဘူးလို့ မကွေးတိုင်းဒေသကြီး မြေစစ်ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က က ပြောပါတယ်။
“ဖြစ်လာတဲ့ သိမ်းဆည်းမြေပြဿနာကို အမှန်အတိုင်းဝန်ခံရရင် ကြိုးစားနေပေမယ့် ပြန်မပေးနိုင်ခဲ့ဘူး။ မပြေလည်ရခြင်းရဲ့ အဓိကအချက်က မူဝါဒတွေက မပြတ်သားဘူး။ တိကျ ပြတ်သားတဲ့ ဥပဒေမရှိလို့ သိမ်းဆည်းမြေပြဿနာဟာ ဖြေရှင်းလို့ မအောင်မမြင်ဖြစ်ရတယ်။”
မကွေးတိုင်း၊ မကွေးမြို့ ထိန်ထိန်သာဟိုတယ်မှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မြေယာဥပဒေပညာရှင်တွေကို ဖိတ်ခေါ်ပြီး သိမ်းဆည်းမြေပြန်လည်စိစစ်ရေး လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ တိုင်းအဆင့်အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။
မကွေးတိုင်း စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးက “မူဝါဒ လုပ်ထုံးလုပ်နည်းပြဿနာရှိနေတဲ့အတွက် ပညာရှင်များရဲ့အကြံဉာဏ်ယူပြီး ဆွေးနွေးပွဲ ရလဒ်တွေကို မြေစစ်ကော်မတီအသီးသီးမှာ အသုံးချဆောင်ရွက်ရင် မြေစစ်လုပ်ငန်းတွေ ပိုမို သွက်လက်မြန်ဆန်လာမှာဖြစ်တယ်။” လို့ ပြောပါတယ်။
မြေယာမှုခင်းတွေ ကိုင်တွယ်ဖြေရှင်းရာမှာ မိမိဒေသအလိုက်ကြုံတွေ့ရတဲ့ အနေအထားတွေ ကို တင်ပြဆွေးနွေးကြပြီး စုပေါင်းသုံးသပ်အဖြေရှာကာ ပိုမိုထိရောက်တဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်း တွေ ဖော်ထုတ်ဆောင်ရွက်နိုင်ဖို့နဲ့ ရလဒ်တွေကို ဗဟိုမြေစစ်ကော်မတီကိုတင်ပြပြီး သိမ်းဆည်းမြေ တွေကို မူလတောင်သူတွေထံ မြန်မြန်ဆန်ဆန်ပြန်လည်ပေးအပ်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းက “ဝန်ထမ်းတွေ ဘယ်လောက်ပင်စေတနာရှိနေပါစေ၊ မူဝါဒ လုပ်ထုံးလုပ်နည်း ကျော်လွန်ပြီး ဝန်ထမ်းတွေ မဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက် မြေသိမ်းစစ်လုပ်ငန်းတွေ မအောင်မြင်တာ”လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်း ဆွေးနွေးပွဲတွေကနေ လုပ်ထုံးလုပ်နည်း မူဝါဒပြောင်းလဲ သင့်တာတွေကို ၃ နှစ်အတွင်း အချက် ၄၄ ချက်ဖော်ထုတ်နိုင်ခဲ့ပြီး ဗဟိုမြေစစ်ကော်မတီ ကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို လက်မှတ်ရေးထိုးတင်ပြခဲ့ပြီး အချက်အချို့ ပြောင်းလဲနိုင်ခဲ့ပါတယ်။
မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ သရက်၊ ဂန့်ဂေါ ခရိုင်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးတွေ၊မြို့နယ်/ခရိုင် မြေစာရင်းဦးစီးအရာရှိတွေ၊ တောင်သူလယ်သမား သမဂ္ဂတွေ နဲ့ မြေသိမ်းခံတောင်သူ အင်အား ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။
သတင်း - ဘဦး











