ရေးမြို့နယ်အတွင်း ပြည်ပခရီးသွားများ ညအိပ်လည်ပတ်ခွင့်ပြုရေး တင်ပြမည်

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြည်ပခရီးသွားတွေအနေနဲ့ မြို့ပေါ်မှာသာ တည်းခို နေထိုင်ခွင့်ရှိနေပြီး မြို့နယ်အတွင်း သွားရောက်လည်ပတ်မှုများပြားတဲ့နေရာတွေမှာ ညအိပ် လည်ပတ်နိုင်ဖို့ နိုင်ငံတော်သမ္မထံတင်ပြသွားဖို့ရှိနေပါတယ်။
ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမမှာ ဒီနေ့မနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်က ရေးမြို့နယ်အတွင်းရှိ ဟိုတယ်နဲ့ စားသောက်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်တာပါ။
''နိုင်ငံတော်သမ္မကြီးရဲ့ မွန်ပြည်နယ်ခရီးစဉ်မှာ ဖြေလျှော့ပေးဖို့တင်ပြခဲ့ပါတယ်။ ရေးမှာဆိုရင် လည်း တိုးရစ်ဆိုက်ပေါ့။ တမြို့နယ်လုံး နိုင်ငံခြားသားတွေကြိုက်တဲ့နေရသွားဆိုလို့ မဟုတ်ဘူး။ တိုရစ်ဇင်နဲ့ပတ်သက်ပြီးတော့ လုံခြုံနိုင်မယ့်နယ်တွေပေါ့၊ တင်တိုင်းလည်း အပြည့်ရမရတော့ မသိဘူး။ တင်တဲ့အပိုင်းကတော့ တင်ထားပြီးပါပြီ၊ ဖြစ်နိုင်ချေရှိတဲ့နေရာတွေပေါ့'' လို့ ဦးထွန်းမင်းအောင်က ပြောပါတယ်။
ရေးမြို့နယ်အနေနနဲ့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ရက်စွဲပါစာအမှတ် ၄၀၁ (၂၇၆)/၁၁/သမ္မတရုံးညွှန်ကြားစာအရ မြို့ပေါ်အတွင်းသာ နိုင်ငံခြားသားများကိုသွားခွင့်ပြုပြီး မြို့ပြင်ထွက်ရှိပါက ခွင့်ပြုချက်ယူရမှာဖြစ်ပါတယ်။
အစိုးရဌာနဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနက တဆင့်၊ NGO. INGO တွေ ဖြစ်ပါက အဖွဲ့အစည်းများကတဆင့် နိုင်ငံတော်သမ္မတရုံးထံ ခွင့်ပြုချက်ယူရမှာဖြစ်ကာ ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လာရောက်ဆောင်ရွက်မယ်ဆိုပါက မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်ရယူရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ''ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဖြေလျော့သင့်တာတွေ ဖြေလျော့ပေးဖို့လိုပါတယ်။ အဲဒါနဲ့အတူ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအပါအဝင် နိုင်ငံခြားသားတွေလည်ပတ်လေ့ရှိတဲ့ နေရာတွေမှာ ဥပမာ ကဗျာဝကမ်းခြေလိုနေရာတွေမှာ ပရမ်းပတာဖွံ့ဖြိုးတိုးတက်ထားတာထက် ခရီးသွားဧည့်သည်တွေ အနှောင့်အယှက်ဖြစ်စေမယ့်အပြုအမူတွေ၊ သန့်ရှင်းသပ်ရပ်မှုတွေကိုပါ တပါတည်း သေချာကြပ်မတ် အကောင်အထည်ဖော်သင့်နေပါပြီ" လို့ ဒီဗွီဘီကို ပြောပါတယ်။
မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ မုဒုံမြို့နယ်တို့အတွင်း နိုင်ငံခြားသားများကို သွားလာခွင့်ပြုထားပြီး ရေးမြို့နယ်အပါအဝင် ဘီးလင်းနဲ့ သထုံမြို့နယ်တွေမှာ မြို့ပေါ်ခွင့်ပြုပေးထားကာ မြို့ပြင်သွားမယ်ဆိုပါက ခွင့်ပြုချက်ရယူရမှာဖြစ်ပြီး ကျိုက်မရောမြို့နယ်နဲ့ သံဖြူဇရပ် မြို့နယ်တို့မှာတော့ ခွင့်ပြုချက်ရယူပြီးမှသာ နေထိုင်ဖို့ သတ်မှတ်ထားတာပါ။
ရေးမြို့နယ်အတွင်း အခုနှစ်ဆန်းပိုင်းမှ နိုဝင်ဘာလအထိ ပြည်ပခရီးသွား ၆၆၇ ဦး လာရောက်လည်ပတ်ခဲ့ပြီး စက်ရုံအလုပ်ရုံများကိုအကြောင်းပြုပြီး နိုင်ငံခြားသား ၄၂ ဦး လာရောက်နေထိုင်နေကြပါတယ်။
ပြည်ပခရီးသွားများအနေနဲ့ အနောက်ပင်လယ်ဝ၊ ကဗျာဝကမ်းခြေ၊ ကိုရင်လေးသာသနာပြုနယ်မြေနဲ့ ရောဂါဝေဒနာပျောက်ကင်းတယ်လို့ အဆိုရှိတဲ့ ကျောင်းရွာချောင်း တို့ကို အဓိက လာရောက်လည်ပတ်လေ့ရှိကြပါတယ်။
သတင်း - ဝင်းနိုင်သက်











