
မြန်မာနိုင်ငံက မိန်းကလေးတွေကို တရုတ်မယားအဖြစ် ရောင်းစားလို့ တရုတ်အစိုးရက အလိုရှိနေတဲ့ ဝရမ်းပြေး လူကုန်ကူးဂိုဏ်းခေါင်းဆောင် တရုတ်အမျိုးသားတယောက်ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖမ်းဆီးရမိပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၄၀ နှစ်ရွယ် တရုတ်အမျိုးသား ကောက်ကျွန့်ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုမှာ အရေးပါတဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ဖြစ်ပါတယ်။
ဒါ့ကြောင့် တရုတ်အစိုးရအနေနဲ့ မဲခေါင်-လန့်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC) လမ်းကြောင်းနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာန (ACSC) တို့ကနေတဆင့် တရားခံကို အမြန်ဆုံး ဖမ်းဆီးတရားစွဲဆိုနိုင်ဖို့ ထိုင်းအစိုးရထံ ညှိနှိုင်းအကူအညီတောင်းခဲ့ပါတယ်။
အဲဒီနောက် ထိုင်းနိုင်ငံ ACSC ဌာနက တာဝန်ရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စုံစမ်းထောက်လှမ်းရာက ကောက်ကျွန့်ဟာ ဘန်ကောက် ဒင်ဒဲန်းနယ်မြေရှိ ဟိုတယ်မှာ ပုန်းအောင်းတည်းခိုနေကြောင်း သိရတာကြောင့် ဇွန် ၁၆ ရက်က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
တရားခံရဲ့ အချက်အလက်တွေ စစ်ဆေးချက်အရ ကောက်ကျွန့်ဟာ ထိုင်းနိုင်ငံထဲကို ၂၁ ကြိမ်တိုင် အဝင်အထွက်လုပ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဗီဇာနဲ့ နေထိုင်ခဲ့ကာ ဒီတခေါက်လည်း မြန်မာပြည်ထဲ ပြန်ဝင်ဖို့ ခရီးစဉ်ရှိနေပါတယ်။
ဒီမတိုင်ခင်က တရုတ်ရဲတပ်ဖွဲ့ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော် လူမှောင်ခိုကုန်ကူးဂိုဏ်းတခုရဲ့ အမှုတွဲကို စုံစမ်းခဲ့ပါတယ်။
အဆိုပါဂိုဏ်းဟာ ၂၀၂၄ ခုနှစ်ကစပြီး မြန်မာမိန်းကလေး ၂၀ ကျော်ကို တရုတ်နိုင်ငံထဲ တရားမဝင် ခိုးသွင်းခဲ့တယ်၊ တရုတ်အမျိုးသား ၂၀ ကျော်ကိုလည်း ရန်ကုန်မြို့ကို စေလွှတ်ပြီး တရားမဝင် အိမ်ထောင်ဖက် ရှာဖွေရေးအလုပ် လုပ်စေခဲ့တယ်၊ သူတို့ဟာ နယ်စပ်ဖြတ်ကျော်ဖို့ စာရွက်စာတမ်းအတုနဲ့ မမှန်ကန်တဲ့ အကြောင်းပြချက်တွေနဲ့ စီးပွားရေးဗီဇာ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
တရုတ်ရဲတပ်ဖွဲ့က ဂိုဏ်းသားတွေကို ဖမ်းဆီးရမိပေမဲ့ အဓိကခေါင်းဆောင်ဖြစ်တဲ့ ကောက်ကျွန့်က ထွက်ပြေးလွတ်မြောက်နေတာကြောင့် ထိုင်းဘက်ကို အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတာဝန်ရှိသူတွေက သူ့ရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြည်နှင်ဒဏ်ပေးကာ တရုတ်အစိုးရလက်ထဲ ပြန်လည်အပ်နှံသွားမယ်လို့ တာဝန်ရှိရဲတပ်ဖွဲ့ကို ကိုးကားပြီး မာ့တီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Matichon News










