
ရန်ကုန်နဲ့ ကျောက်ဖြူမှာ ဟောင်ကောင်ကုမ္ပဏီတခုက လျှပ်စစ်ထုတ်လုပ်ရောင်းချဖို့ လုပ်နေတယ်လို့ အစိုးရ သတင်းစာမှာ ဖော်ပြပါတယ်။
စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖြစ်ပြီး LNG ဓာတ်ငွေ့သုံး စက်ရုံတည်ဆောက်ပြီး ဓာတ်အားပေးမယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနပိုင် သာကေတဓာတ်အားပေးစက်ရုံမှာ အမေရိကန်ဒေါ်လာ ၃၆၃ သန်းကျော်ရင်းနှီးမြှုပ်နှံပြီး IPP (BOO) စနစ်နဲ့ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမှာတော့ ဂုံးချိန်ကျေးရွာအုပ်စုထဲမှာ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော်နဲ့ မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မှာဖြစ်ပါတယ်။
ဟောင်ကောင် CNTIC Vpower ကုမ္ပဏီက ဆောင်ရွက်မှာဖြစ်ပြီး ဘယ်အချိန်မှာ စရောင်းဖို့ မသတ်မှတ်ထားပေမယ့် အမြန်ဆုံးပေးနိုင်ဖို့လုပ်နေတယ်လို့ သိရကြောင်း ရင်းနှီးမြှုပ်နှံမှု နဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းတုန်းကလည်း တရုတ်ဖက်စပ်ကုမ္ပဏီတခုဆီကနေ လျှပ်စစ် ဓာတ်အား ဝယ်ယူဖို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနဲ့ Kyauk Phyu Electric Power ကုမွဏီတို့အကြား ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (PPA)ကို လက်မှတ်ထိုးခဲ့ ပါသေးတယ်။
အဲဒီ ဓာတ်အားပေးစက်ရုံဟာ ကျောက်ဖြူမြို့နယ်၊ ကျောက်ဖြူ ၂၃၀ ကေဗွီ ပင်မ ဓာတ်အား ခွဲရုံ ဝင်းထဲမှာရှိပြီး Independent Power Producer (IPP)၊ Build-Operate- Transfer (BOT) စနစ်နဲ့ ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ Kyauk Phyu Electric Power ကုမ္ပဏီက အကောင်အထည်ဖော်တည်ဆောက်သွားမှာဖြစ်ပါတယ်။
စက်ရုံရဲ့ စက်တပ်ဆင်အင်အားက စုစုပေါင်း ၁၄၆ မဂ္ဂါဝပ်ဖြစ်ပြီး ထုတ်လုပ်နိုင်မယ့် ဓာတ်အား ပမာဏကတော့ ၁၃၅ မဂ္ဂါဝပ်ဖြစ်ပါတယ်။ စီမံကိန်းပြီးသွားရင် ရခိုင်ပြည်နယ်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်ကိုလည်း ဖြည့်ဆည်း သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါဟာ ရေရှည်စီမံကိန်း ၄ ခုထဲက တခုဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်လောက်မှာ ဓာတ်အား စတင် ထုတ်ပေးနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပေမယ့် ဘယ်လိုနှုန်းထားတွေနဲ့ ဝယ်ယူတယ်ဆိုတာကတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန စာရင်းတွေအရတော့ ၂၀၁၅ ခုနှစ်ကနဲ့ယှဉ်ရင် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၀၀၀ လောက်တိုးလာတယ်လို့ ဆိုထားပါတယ်။











