
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားပြီး ကြားနာစစ်ဆေးမယ့်အပေါ် ကြိုဆိုထောက်ခံကြောင်း KNU Concerned Group က ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်တာဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေအတွင်းမှာ ကရင်လူမျိုးနဲ့တခြား တိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်ရာဇဝတ်မှုတွေကို မြန်မာ့တပ်မတော်က များစွာကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က ဒေသတွေမှာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာ့တပ်မတော်က ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။
ဒီလို အပြည်ပြည်ဆိုင်ရာတရားခုံရုံးမှ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုဟာ မြန်မာ့တပ်မတော်ကို တိုင်းရင်းသားဒေသတွေအတွင်း စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်သွား စေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူတွေဘက်က ရပ်တည်ပြီး ခေတ်အဆက်ဆက် မတရားဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ကျူးလွန်နေတဲ့ စစ်အာဏာရှင်ခေါင်းဆောင်တွေကို အရေးယူနိုင်စေရေး အမှန်တရားအတိုင်း ဖော်ထုတ်ပေးသွားဖို့လည်း တိုက်တွန်းထားပါတယ်။
တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ The Hague မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာသွားမှာဖြစ်ပါတယ်။
နိုင်ငံတကာရှိ ကရင်အဖွဲ့အစည်း ၄၈ ဖွဲ့ကလည်း မြန်မာနိုင်ငံကို ICJ တရားရုံးမှာ တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ ထောက်ခံကြိုဆိုကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
KNU Concerned Group ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းတွေ၊ အဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။











